Myanmar Now

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က တင်သွင်းထားသော ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစီရင်ခံစာအပေါ် ရန်ကုန်လွှတ်တော်ကော်မတီက လေ့လာဆန်းစစ်ထားသည့် အစီရင်ခံစာမှာ နိုဝင်ဘာလဆန်းတွင် ထွက်ရှိမည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များက ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းလွှတ်တော်အမတ်များက တိုက်ရိုက်ဖတ်ရှုခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင်မူ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထွက်ပေါ်လာမှသာ တိုင်းလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် ဆွေးနွေးခွင့်ရရှိတော့မည် ဖြစ်သည်။

ထိုသို့ စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့် မရရှိတော့ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးကို ကန့်သတ်လိုက်ရုံသာမက ပြည်သူများ၏ သိပိုင်ခွင့် အခွင့်အရေးကိုပါ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်ကြသည်။

ဘဏ္ဍာရေး၊ စီးပွားရေးနှင့်စီမံကိန်း ကော်မတီကို ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တွင် စာရင်းစစ်ချုပ် အစီရင်ခံစာကို အစီရင်ခံရန် အချက်လည်း ပါဝင်ပြီး စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုက်ရိုက်ဖတ်ရှုခွင့်မရခြင်းမှာ ယင်းတာဝန်ကို ထမ်းဆောင်ရန်အတွက်အခက်အခဲ ဖြစ်စေသည်ဟု ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ဆိုသည်။

“ကျွန်တော်တို့ ကော်မတီရဲ့ လုပ်ငန်း၊ တာဝန်ပေးအပ်ထားတဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာ အစီရင်ခံလာလို့ရှိရင် ဘဏ္ဍာရေး၊စီးပွားရေးနဲ့စီမံကိန်း ကော်မတီအနေနဲ့ ငွေစာရင်းတွေကို သေသေချာချာ ကြည့်ရှုပြီးတော့ လွှတ်တော်ကို အစီရင်ခံရမယ်။ အဲဒီတာဝန်ကို ကျွန်တော်တို့ကို (လုပ်ခွင့်)မပေးတာ” ဟု ၎င်းက ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာကို ဆွေးနွေးခဲ့သည့်အခါက ရန်ကုန်တိုင်းအစိုးရ၏ လုပ်ထုံးလုပ်နည်းနှင့်မညီညွတ်သည့် အားနည်းချက်များ ပေါ်ပေါက်ခဲ့သည့်အတွက် ယခု ၂၀၁၈-၁၉ စာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းအစိုးရက ထိန်းချုပ်လိုက်ခြင်းဟု ယူဆကြောင်း ၎င်းက ပြောသည်။

သို့သော် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ၎င်းတို့ကော်မတီက ထုတ်ပြန်မည့် လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များ အကုန်နီးပါး ထည့်သွင်းထားသည်ဟု ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ဒီအစီရင်ခံစာကို မရဘူးဆိုတဲ့ဟာကို ပြေလည်ဖို့အတွက် စားရင်းစစ်ချုပ်အစီရင်ခံစာမှာပါတဲ့ အချက်အလက် တော်တော်များများကို ၉၀ ရာခိုင်နှုန်းကျော်ကို Report (ပြည်သူ့ငွေစာရင်းကော်မတီ လေ့လာသုံးသပ်ချက် အစီရင်ခံစာ) ထဲမှာ ပြန်ပါလာအောင် ကျွန်တော်တို့က ရေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ပြုလုပ်လိုက်သည့်အတွက် အားသာချက်မှာ ကော်မတီအနေဖြင့် အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ခေါ်ယူတွေ့ဆုံနိုင်ခဲ့ပြီး ၎င်းတို့ကော်မတီက ထုတ်ပြန်မည့် အစီရင်ခံစာတွင် ဌာနဆိုင်ရာများ၏ ဖြေရှင်းချက်ကိုပါ ထည့်သွင်းနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် ပြည်သူ့ငွေစာရင်းကော်မတီသို့ ပေးပို့ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာမှ တစ်ဆင့် ထုတ်ပြန်စေခြင်းမှာ ပြည်ထောင်စုလွှတ်တော်တွင် အသုံးပြုနေသည့် မူနှင့် ပုံစံတူနေသည်ဟု ဦးတင့်လွင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်နာယကမှ တစ်ဆင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသို့ ပေးပို့လိုက်ပြီး ကော်မတီက လေ့လာသုံးသပ်ချက် အစီရင်ခံစာ ရေးသားပြီး လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်သည်။

Leave a Reply