မော်လမြိုင်၊ မေ ၃ ။      ။ လေးနှစ်ချုပ် စာရင်းနှင့် သိန်း ၂၀၀၀ ကျော် ကွားခြာချက်ရှိနေသည်ဟု တိုင်ကြားခံရသည့် မော်လမြိုင်မြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီကို လွှတ်တော်တိုင်ကြားစာ ကော်မတီက စစ်ဆေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။

“တိုင်ကြားစာ ကော်မတီကို ဒီကိစ္စစစ်ဖို့ တာဝန်ပေးအပ်ထားတော့ ရှိတယ်၊ ဒီတိုင်ကြားကော်မတီမှာကလည်း ပြဿနာတွေ များနေတော့ ဘယ်အချိန် စလုပ်သွားမလဲ မသိဘူး”ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် မော်လမြိုင်မြို့နယ် (ယထက) သည် ယခင် (ယထက) ထံမှ ကျပ် သိန်း ၂၃၀၀ ကျော်နှင့် မှန်လုံယာဉ် ၂၄ စီး အပါအဝင် ယာဉ်ငယ် နှစ်စီး၊ သုံးဘီးဆိုင်ကယ် ငါးစီးတို့ကို လွှဲပြောင်း လက်ခံခဲ့ကြောင်း တိုင်ကြားသူ ယာဉ်ပိုင်ရှင် ဦးစိုးဝင်းက ပြောဆိုသည်။

လွှွှဲပြောင်းယူခဲ့သည့် ၂၀၁၃ ခုနှစ်မှစပြီး ၂၀၁၆ ခုနှစ်အထိ ၄ နှစ်စာရင်းချုပ်ကို ရှင်းလင်းရာတွင် ကျပ်သိန်း ၅၀၀ ကျော်သာ ကျန်ရှိတော့သည့် အတွက်ကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော် ယာဉ်ပိုင်ရှင်တွေက အမြတ်လည်းမပေါ်ဘူး၊ ပြီးတော့ ရင်ထားတဲ့ ငွေကလည်း မပေါ်တော့ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေအဖို့ အများကြီး နစ်နာမှုတွေ ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် စာရင်းချုပ်တွင် မှန်လုံယာဉ်လုပ်ငန်း၏ လစာငွေကြေးများ၊ ပြုပြင်စရိတ်များနှင့် လက်ကျန်ငွေများကို စစ်ကြည့်ရာ၌ ကွာဟချက်များစွာ ရှိနေကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့မှာ လက်မှတ်ရ စာရင်းစစ်အဖွဲ့လည်း ဝင်ထားတယ်၊ သူတို့မှာတော့ ကွဲလွဲချက်တော့ မရှိဘူး၊ တိုင်ကြားတဲ့ သူတွေက ကျွန်တော်တို့ သိရသလောက်ဆို အပြင်ပန်ကို ကြည့်ပြီးတော့ တိုင်လိုက်တာ ဖြစ်တယ်”ဟု မော်လမြိုင်မြို့နယ် (ယထက) အတွင်းရေးမှူး ဦးတင်မောင်ဆိုင်က ဆိုသည်။

အဆိုပါ ကိစ္စအား ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ပြည်နယ်စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူတို့ကို တိုင်းကြားခဲ့ကြောင်း ဦးစိုးဝင်းက ပြောသည်။

Written by – ဇော်ထိုက်

Leave a Reply