မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ဈေးကွက်အတွင်း ရောင်းချနေသည့် ပဲဆီ၊ မြေပဲဆီကဲ့သို့သော ပြည်တွင်းထွက်စားသုံးဆီများနှင့် ယိုးဒယားမှ တင်သွင်းသည့် စားသုံးဆီအမျိုးမျိုးတွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အရည်အသွေး ရှိမရှိကို မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောကြားသည်။

စားအုန်းဆီများကို မြေပဲဆီအနံ့ပေးပြီး လိမ်လည်ရောင်းချနေမှုများရှိသဖြင့် ယင်းတို့ကို FDA က ဦးဆောင်ပြီး အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးကာ အရေးယူမှုများပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကာ မည်သည့်ရက်တွင် စတင်ဆောင်ရွက်မည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆိုသည်။

“မြေပဲဆီအနံ့ ထည့်ထားပြီးတော့ စားအုန်းဆီကို မြေပဲဆီဈေးနှုန်းနဲ့ ရောင်းတာတွေက ဈေးကွက်ထဲမှာ ရှိနေတယ်၊ ဒါကို မြေပြင်မှာ ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်နမူနာ စောင့်ကြည့်ပြီးတော့ ရလဒ်ထွက်ရင် သူ့ဥပဒေအတိုင်း အရေးယူသွားမယ်”ဟု ဦးခင်အောင်သွင်က ပြောသည်။

ထိုကဲ့သို့ စစ်ဆေးပြီးမှ ရလာသည့် ရလဒ်အပေါ်မူတည်ပြီး အပြစ်တွေ့ရှိပါက စာသုံးဆီများကို ကိုယ်စားလှယ်ယူ ရောင်းချနေသူ၊ အရောအနှော ပြုလုပ်ရောင်းချနေသူများနှင့် ပိုင်ရှင်များကို စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ထိရောက်စွာ အရေးယူရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“သူတို့ အရည်အသွေးကို ယုံကြည်လို့ ဆီကိုဘာနဲ့မှ မရောဘဲနဲ့ ပါကင်သန့်သန့်လေးတွေပဲ ရောင်းတယ်၊ စက်ရုံတံဆိပ်နဲ့ စက်ရုံနာမည်နဲ့ပဲ ရောင်းတယ်၊ စက်ကိုလည်း မြန်မာပြည်ကထွက်တဲ့ စက်ပဲသုံးထားလို့ ဆီတွေကိုတော့ လုံးဝ အာမခံတယ်၊ ကြိုက်တဲ့အချိန် လာစစ်လို့ရတယ်”ဟု မန္တလေးမှ ပဲဆီသန့်များကို ကိုယ်စားလှယ်ယူပြီး မော်လမြိုင်မြို့နယ် အမှတ် (၂) ဈေးအတွင်း ရောင်းချနေသည့် ဒေါ်မေဝင်းက ဆိုသည်။

သို့သော်လည်း နိုင်ငံခြားမှ လာသော စားသုံးဆီများဟုဆိုကာ အရည်အသွေး မပြည့်မီသည့် စားသုံးဆီများဖြင့် ရောနှောရောင်းချနေသည့် ဆိုင်များလည်း ဈေးကွက်အတွင်း ရှိနေသဖြင့် ထိရောက်စွာ အရေးယူစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

“တချို့ဆီတွေက ချက်လိုက်တာနဲ့ ရေမြုပ်တွေ ထွက်လာတယ်၊ တချို့ဆီတွေကလည်း အထားမခံဘူး၊ တစ်ရက်နှစ်ရက်အတွင်း ခဲသွားရော၊ ကျန်းမာရေး ထိခိုက်နိုင်တာ သိပေမယ့် ဆီအစစ်ရှားတော့ ဒီလိုပဲ သိသိကြီးနဲ့ စားနေတာပဲ”ဟု အမှတ် (၂) ဈေးအတွင်း မနက်ခင်း ဈေးဝယ်လာသည့် ဒေါ်ပြုံးမမက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် စားသုံးဆီများအနက် စားသုံးဆီ ငါးရာခိုင်နှုန်းခန့်သာ မည်သည့်ဆီနှင့်မှ မရောထားသည့် ဆီသန့်များဖြစ်ကြပြီး အများစုမှာ ရောနှောဆီများ ဖြစ်ကြကြောင်း စားသုံးကုန်နှင့် ပတ်သက်သည့် ပညာရှင်များက ဆိုထားကြသည်။

Written by – ဖိုးဝ

Leave a Reply