စားသုံးသူအခွင့်အရေး ဘာလဲ ဘယ်လဲ

ယနေ့အချိန်တွင် စားသုံးသူအခွင့်အရေးကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြပြီး အစိုးရကပင် စားသုံးသူရေးရာ ဦးစီးဌာနဟူ၍ ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိသည်။ သို့သော် စားသုံးသူအခွင့်အရေးဟူသည့် သတ်မှတ်ချက်ကို ပြည်သူအများ သေသေချာချာသိရှိရန် ဆောင်ရွက်မှုများက အားနည်းလျက်သာရှိနေပေသည်။

ရောင်းသူနှင့် ဝယ်သူ ပြဿနာများ၊ ဝန်ဆောင်မှုပြဿနာများကို လူမှုကွန်ရက်စာမျက်နှာများတွင် နေ့စဉ်နှင့်အမျှ တွေ့ရှိနေရပြီး မိမိတို့ကိုယ်တိုင်လည်း စားသုံးသူများအဖြစ် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နေ့စဉ် အသုံးပြုနေကြသော်လည်း သူတို့၏
ရပိုင်ခွင့်များကို နားလည်သိရှိကြပြီလား။
စားသုံးသူအခွင့်အရေးဆိုသည်ကို ကမ္ဘာ့ကုလသမဂ္ဂကအချက် ၈ ချက်ဖြင့် ယခုကဲ့သို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
၁ – မိမိတို့၏ အခြေခံလိုအပ်ချက်များကို ပြည့်စုံလုံလောက်စွာခံစားခွင့်ရှိရမည်။
၂ – ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်စားသောက် သုံးစွဲခွင့်ရှိရမည်။
၃ – မိမိသုံးစွဲမည့် ကုန်ပစ္စည်း၊ အစားအစာ၊ ဆေးဝါး၊ ဝန်ဆောင်မှုစသည်များနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် သိရှိခွင့်ရှိရမည်။
၄ – ရွေးချယ်ပိုင်ခွင့်ရှိရမည်။ (ပစ္စည်းတစ်မျိုး၊ ဈေးနှုန်းတစ်မျိုးတည်းသာ ရောင်းချခြင်းမျိုး မရှိစေရ)
၅ – ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိခြင်း၊ အဆင့်မမီခြင်းများကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်
ရှိရမည်။
၆ – ထုတ်ကုန်များ၊ ဝန်ဆောင်မှုများက အာမခံချက်ပြုထားသည့် အရည်အသွေး၊ အဆင့်အတန်းများ ပြည့်မီခြင်းမရှိပါက
စားသုံးသူအတွက် ကျေနပ်လောက်သည့် အလျော်အစား ရပိုင်ခွင့်ရှိရမည်။
၇ – စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများဖွဲ့စည်းကာ လှုပ်ရှားဆောင်ရွက်ခွင့်ရှိရမည်။
၈ – သန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်လုပ်ကိုင် စားသောက်ခွင့်ရှိရမည်။
အထက်ပါအချက်များကို ပြည်သူများက မည်သည့်အနေအထားထိ သိရှိထားသည်ဆိုသည်နှင့် ပတ်သက်ပြီး ၂၀၁၇ – ၂၀၁၈ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စားသုံးသူရေးရာဦးစီးဌာနသို့ နစ်နာသည်ဟုဆိုကာ တိုင်ကြားလာမှုမှာ ၆၈မှုသာရှိခဲ့သည်ဟူသော အဆိုပါဦးစီးဌာနမှ ထွက်ရှိလာသည့်သတင်းက အဖြေပေးနိုင်မည်ထင်၏။

လူတိုင်းစားသုံးသူအဖြစ် ကျင်လည်ရပ်တည်နေကြရသည့်အတွက် ၎င်းင်းတို့ရရှိရမည့် အခွင့်အရေးများကိုမျှ သိရှိပိုင်ခွင့် နည်းပါးလျက်ရှိနေသည်ဆိုခြင်းကို ငြင်းဆိုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ အခြေခံ ရပိုင်ခွင့်၊ အခွင့်အရေးဖြစ်သော စားသုံးသူအခွင့်အရေးနှင့် ပတ်သက်ပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်