မော်လမြိုင် မြို့ရှိ မွန်ပြည်နယ် ပြည်တွင်း အခွန် ဦးစီးဌာန ရုံးအား တွေ့ရစဉ်။

မွန်ပြည်နယ်ရှိစားသောက်ဆိုင်ကြီးများတွင် အခွန်အမှတ်တံဆိပ်ကပ်ထားခြင်းမရှိဘဲ ရောင်းချနေမှုများကို အကောက်ခွန်ဦးစီးဌာနထံ တိုင်ကြားပေးသူအားဆုငွေအဖြစ်ပေးအပ်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူး ဦးဝင်းခိုင်ကဆိုသည်။

Taxas office

အခွန်အမှတ်တံဆိပ်ကပ်ထားခြင်းမရှိဘဲ ရောင်းချနေသောဆိုင်များကိုဒဏ်ငွေပေးဆောင်စေပြီး ယင်းဒဏ်ငွေ၏၁၀ရာခိုင်နှုန်းကိုတိုင်ကြားသူထံပေးအပ်မည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။

ယခုနှစ်အတွင်းမော်လမြိုင်မြို့နယ်ရှိစားသောက်ဆိုင်ကြီးနှစ်ဆိုင်သည် အခွန်အမှတ်တံဆိပ်မကပ်ဘဲရောင်းချခြင်းကြောင့် ငွေကျပ်နှစ်သိန်းကိုဒဏ်ရိုက်ခဲ့ကြောင်းမော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ငွေကျပ်နှစ်သိန်းဒဏ်အရိုက်ခံရသောစားသောက်ဆိုင်များသည် ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ငွေကျပ်ငါးသိန်းဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး တတိယအကြိမ် ထပ်မံကျူးလွန်ပါကငွေကျပ် ၁၀ သိန်းဒဏ်ငွေဆောင်ရမည်ဟု ဦးဝင်းခိုင်ကပြောသည်။

အခွန်အမှတ်တံဆိပ် မကပ်ထားသောစားသောက်ဆိုင်များကိုဆက်လက်ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သိန်း ၂၀ဝ အထက်ရောင်းအားရှိသောစားသောက်ဆိုင်ကြီးများသာလျှင်ငွေလက်ငင်းဖြတ်ပိုင်းပေါ်၌ အခွန် အမှတ်တံဆိပ်များကပ်ပေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် မော်လမြိုင်မြို့နယ်ရှိစားသောက်ဆိုင်ကြီးများကိုငွေလက်ငင်းဖြတ်ပိုင်းပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်ရန်အတွက် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အခွန်အမှတ်တံဆိပ်များသည် စားသောက်ဆိုင်များ၏ ရောင်းရငွေငါးရာခိုင်နှုန်းကို လာရောက်စားသုံးသောပြည်သူများကပေးဆောင်ရခြင်းဖြစ်သဖြင့် ဆိုင်ပိုင်ရှင်များကလည်း ၎င်းတံဆိပ်များကိုကပ်ပေးခြင်းကြောင့် အခွန်ဆောင်ရာတွင် သက်သာမှုရှိစေမှာဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Leave a Reply