စားအုန်းဆီဈေးနှုန်း ပြန်ကျ

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော စားအုပ်ဆီ ဈေးနှုန်းများမှာ အောက်တိုဘာ နောက်ဆုံးအပတ်မှ စ၍ ပြန်လည် ကျဆင်းခဲ့ကာ နိုဝင်ဘာ ၂ရက်တွင်မူ တစ်ပိဿာ ၁၅ဝဝ ကျပ်ထိ ကျဆင်းလာခဲ့ကြောင်း မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ စားအုန်းဆီနှင့် မြေပဲ၊ နှမ်းဆီ ရောင်းဝယ်ရေးပိုင်ရှင် ဦးဝင်းနိုင်က ပြောကြားသည်။

ယိုးဒယားမှ တင်သွင်းသော စားအုန်းဆီများသည် ယခင်လမှစတင်ကာ ပြည်နယ်အတွင်းသို့ ဝင်ရောက်မှု ပိုမိုများပြားလာသောကြောင့် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

“အခုက ယိုးဒယားဘက်က ပိုပြီး အဝင်များလာတယ်၊ ကားတစ်စီးမှာဆို အများကြီးပါတယ်၊ ပစ္စည်းအဝင်များလာတော့ ဈေးက ပြန်ကျလာတာပေါ့၊ ဈေးကတော့ ထပ်ပြီးလည်း ကျဖို့ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခင်လက စားအုန်းဆီ တစ်ပိဿာ ၂ဝဝဝ ကျပ်၊ မြေပဲဆီ ၇ဝဝဝ ကျပ် နှင့် နှမ်းဆီ ၇၅ဝဝ ကျပ် ထိ ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း နိုဝင်ဘာ ၂ရက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၅ဝဝ ကျပ်၊ မြေပဲဆီ ၆ဝဝဝ ကျပ် နှင့် နှမ်းဆီ ၆၅ဝဝ ကျပ်ထိ ကျဆင်းလာကြောင်း ဆက်လက်ပြောသည်။

ပစ္စည်းဝင်ရောက်မှုများသော်လည်း ဝယ်ယူသူများအနေဖြင့် ယိုးဒယားမှထုတ်လုပ်သော ရယ်ဒီမိတ် ဆီဗူးတွေကိုသာ ပိုမိုသုံးစွဲလာသောကြောင့် ရောာင်းချမှု အားနည်းလာကြောင်း ထပ်မံပြောသည်။

ပြည်နယ်သို့ ဝင်ရောက်လာသော စားအုန်းဆီများသည် ယိုးဒယားမှ အများဆုံး ဝင်ရောက်လာခြင်းဖြစ်ပြီး မြေပဲဆီနှင့် နှမ်းဆီသည့် မြင်းခြံ၊ မုံရွာဘက်မှ အဓိက ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖြည့်စွက် ပြောသည်။

စားအုန်းဆီဝယ်ယူရာတွင် ထားမည့်နေရာအခက်အခဲ၊ လွယ်ကူမှုမရှိသောကြောင့် ယိုးဒယားမှလာသော ရယ်ဒီမိတ်ဆီဗူးများကိုသာ စားသုံးနေကြောင်း အိမ်ရှင်မဖြစ်သူ မအေးမိစံက ပြောသည်။

“အရင်ကတော့ စားအုန်းဆီကို သုံးဖြစ်တယ်၊ အခုနောက်ပိုင်းကျတော့ ယိုးဒယားကလာတဲ့ ဆီဗူးတွေက သန့်လဲသန့်တယ်၊ ဗူးနဲပဆိုတော့ ဝယ်ရ ထားရတာလည်း အဆင်ပြေတော့ အဲဒါပဲ သုံးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဇွန်လအတွင်း စားအုန်းဆီဈေးနှုန်းသည် အမြင့်ဆုံး ၂၇ဝဝ ကျပ်ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.