မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်သို့ တင်သွင်းနေသော စားအုန်းဆီများသည် ယခုလ ပထမအပတ်မှ စကာ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်ရှိ စားအုန်းဆီ၊ နှမ်းဆီနှင့် မြေပဲဆီ လက်လီလက်ကား အရောင်းဆိုင်များမှ သိရသည်။

အထက်အညာဒေသဖြစ်သော အောင်ပန်း၊ မြင်းခြံ၊ မုံရွာ၊ မန္တလေးတို့ဘက်တွင် စားအုန်း၊ မြေပဲနှင့် နှမ်း စိုက်ခင်းများ အထွက်နှုန်းကျဆင်းသွားသောကြောင့် ဆီဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ စိုးပွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကြားတာတော့ သူတို့စိုက်ခင်းတွေ အထွက်နှုန်းကျတယ်ပြောတယ်၊ ဈေးကတော့ အရမ်းကြီးမတက်ပေမယ့် နှမ်းစိုက်ခင်းတွေကတော့ ဒီနှစ်ထဲမှာ ပျက်စီးထားတာရှိတော့ ဈေး ပိုတက်လာတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင်က စားအုန်းဆီ တစ်ပိဿာကျပ် ၁,၈ဝဝ ၊ မြေပဲဆီ တစ်ပိဿာ ကျပ် ၅,၆ဝဝ နှင့် နှမ်းဆီ တစ်ပိဿာ ကျပ် ၆,၅ဝဝ ရောင်းဈေးရှိသော်လည်း ယခုလတွင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၂,၂ဝဝ ၊ မြေပဲဆီတစ်ပိဿာ ကျပ် ၆,၁ဝဝ နှင့် နှမ်းဆီတစ်ပိဿာ ကျပ် ၇,၂ဝဝ အထိ ဈေးနှုန်း မြင့်တက်လာခဲ့သည်။

ထိုင်းနိုင်ငံမှ တင်သွင်းသော အသင့်သုံးဆီဗူးများသည် ဈေးနှုန်းသင့်တင့်သည့်အပြင် အသုံးပြုရ လွယ်ကူသောကြောင့် ဝယ်ယူမှု ပိုမိုများပြားလာကြောင်း မော်လမြိုင် ဈေးကြို ကုန်စည်ဒိုင်မှ စားအုံးဆီ နှင့် ဆီအမျိုးမျိုးရောင်းဝယ်သူ ဦးတင်ဦးက ပြောသည်။

“ယိုးဒယားက လာတဲ့ဆီတွေကျတော့ ဗူးလေးတွေနဲ့ဆိုတော့ ဝယ်သူအတွက် အဆင်ပြေတာပေါ့၊ ထားရတာလည်း အဆင်ပြေတယ်၊ သုံးရတာလည်း အဆင်ပြေကြတော့ ပိုပြီး ကြိုက်တာပေါ့၊ ဈေးချင်းယှဉ်ရင်လည်း သိပ်မကွာဘူူး”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသော အသင့်စားဆီဗူးများသည် ဗူးသေး တစ်ဗူး ကျပ် ၁,၁ဝဝ မှ ၁,၂ဝဝ ၊ ဗူးကြီး တစ်ဗူး ကျပ် ၇,၈ဝဝ ဖြင့် ရောင်းချလျက်ရှိပြီး၊ မွန်ပြည်နယ်တွင် စားအုန်းဆီကိုသာ အဓိက ဝယ်ယူလေ့ရှိကာ မြေပဲဆီနှင့်် နှမ်းဆီကိုမူ စားသုံးသူရှိသော်လည်း ဝယ်ယူသူနည်းပါးကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply