Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၂၇

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးသည် ကိုယ်ပိုင် နိုင်ငံသား စိစစ်ရေးကတ်ပြားအပြင် အမျိုးသမီးတစ်ဦး၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားကိုပါ ကိုင်ဆောင်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သော်လည်း အရေးယူရန် ကြန့်ကြာနေကြောင်း သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

သထုံမြို့နယ်မှ အမျိုးသမီး တစ်ဦး၏ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုပါ ကိုင်ဆောင်ထားသည့် ဦးဝင်းလွင်ဦးကို ယနေ့အချိန်အထိ အရေးယူ ဆောင်ရွက်မှု မရှိခြင်းသည် ပြည်နယ် အစိုးရအဖွဲ့၏ ပုံရိပ်ကိုပါ ကျဆင်းနိုင်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

“ဒါကတော့ လဝက ဥပဒေကို ဖောက်ဖျက်တာ၊ အစ်ကို့အနေနဲ့ သုံးသပ်တာကတော့ သူတစ်ယောက်တည်း အရေးယူလို့ မရဘူး။ နောက်ကွယ်က ဌာနဆိုင်ရာ အချို့လည်း ပါဝင် ပတ်သက်နေတဲ့ အတွက်ကြောင့် အရေးယူဖို့ ဆိုင်းငံ့နေတာ ဖြစ်တယ်လို့ သုံးသပ်တယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

ဦးဝင်းလွင်ဦး နိုင်ငံသား စိစစ်ရေး ကတ်ပြား နှစ်ခု ကိုင်ဆောင်မှုကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ထားကာ နေပြည်တော်ရုံးချုပ်နှင့် ပြည်နယ် အစိုးရထံ လွန်ခဲ့သည့် လေးလကျော်က တင်ပြထားပြီး ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ရန် စောင့်ဆိုင်းနေကြောင်း မွန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးရှိန်ဝင်းက ပြောသည်။

ထို့အပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦး နိုင်ငံသား စိစစ်ရေး ကတ်ပြား နှစ်ခု ကိုင်ဆောင်ခြင်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန (နေပြည်တော် )ရုံးချုပ်၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း လာရောက် စစ်ဆေးထားသည်။

အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့် မလျော်သြဇာသုံးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ရပ်ကွက်နေ ပြည်သူများနှင့် အဆင်မပြေခြင်း၊ ဥပဒေချိုးဖောက်ခြင်းများ လေ့လာတွေ့ရှိသဖြင့် အုပ်ချုပ်ရေးမှူး အရည်အချင်း မရှိခြင်းကြောင့် ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံမရွေးချယ်ရန် ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ကျွန်တော့်ဆီ ကြီးကြပ်ရေးမှူး ငါးဦးလာပြီး ဦးဝင်းလွင်ဦး ပြန်ရွေးချယ်မယ့် ကိစ္စ လာပြောတယ်။ ကျွန်တော်ပြောတယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေနဲ့ စစ်ဆေးလိုက် ၊မညီရင် ရွေးချယ်ခွင့် မပြုနဲ့ ၊ ညီရင်ရွေးချယ်ခွင့်ပြုလိုက် ၊လွှတ်တော်ကလည်း စာထွက်ထားတယ်၊ မှတ်ပုံတင်နှစ်ခုကိုင်ဆောင်လို့ လိုအပ်ရင် လဝက နဲ့ စစ်ဆေးဖို့တောင် ကျွန်တော်ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးအား မည်သို့ အရေးယူ ဆောင်ရွက်သွားမည့် ကိစ္စကို မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏကျော်ထံ သွားရောက်မေးမြန်းခဲ့သော်လည်း အချိန် မအားကြောင်း ပြောဆိုခဲ့သည်။

ရင်ငြိမ်းချမ်း

Leave a Reply