စာရေးဆရာမကြီး ကြည်အေး၏ ဝတ္ထုတစ်ပုဒ်ဖြစ်သည့် မီ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဖြစ်ပြီး မီ အဖြစ် သရုပ်ဆောင်ပိုင်ဖြိုးသုက သရုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

” မီနဲ့ ပတ်သက်ရင်တော့ သုဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ မီ့ စိတ်ကိုလည်း နားလည်အောင်၊ မီ့ရဲ့ ခံစားချက်တွေကို နားလည်အောင် ဝတ္ထုနဲ့ ဇာတ်ညွှန်းကို အကြိမ်ကြိမ် အခါခါ ဖတ်ပြီး တိုက်ကြည့်တယ်။ သူဘာကြောင့် ဒီစကားကို ပြောတာလဲ၊ ဒီစကားကို ပြောတဲ့အချိန်မှာရော သူ့ရင်ထဲမှာ ဘာတွေ ရှိနေလဲ၊ သူ့စိတ်ကို မြင်အောင် လှမ်းကြည့်တယ်။ အပြင်က ပိုင်ဖြိုးသုဆိုတာ ပျောက်ပြီး မီ ဖြစ်ဖို့အတွက်ကို ပိုင်ဖြိုးသု မှန်းပြီး၊ မီကြိုက်တဲ့ အရာတွေကို လိုက်လုပ်ကြည့်ရတယ်။ “မီ” ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်ရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သုနဲ့ မီနဲ့မှာ တိုက်ဆိုင်တဲ့ အချက်လေးတွေ ရှိတယ်။ မီ့မှာရှိတဲ့ စိတ်ဒဏ်ရာအချို့ သုမှာလည်း ရှိခဲ့ဖူးတယ်။ “မီ” က သုနဲ့ ဆက်စပ်လို့ ရတယ်။ မီနဲ့ သုက ခံစားချက်ချင်း မဝေးဘူးပေါ့။” ဟု ပိုင်ဖြိုးသုက ဆက်ပြောသည်။

မီ ရုပ်ရှင်ဇာတ်ကားအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်း ၊ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားများကို သေချာပြင်ဆင်ထားခဲ့ပြီး Team Work ပုံစံဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၁၉၅၀ ခုနှစ်ကို နောက်ခံထားဇာတ်အိမ်ဖွဲ့တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

” ဇာတ်ကား မရိုက်ခင်ကတည်းက သုသု မီလို နေကြည့်ရတယ်။ မီရဲ့ စိတ်ခံစားမှုတွေကို ကိုယ့်ဆီမှာ ကူးစက်လာအောင် အချိန်တွေပေးပြီး ပြင်ဆင်ခဲ့ရပါတယ်။ မီက ဆေးလိပ် အမြဲတမ်း သောက်နေတတ်တဲ့သူဆိုတော့ မီ ဖြစ်ဖို့အတွက် သု ဆေးလိပ် သောက်ကျင့်ရတယ်။ အရင်တုန်းကဆို သုက ဆေးလိပ်သောက်တာကို အရမ်း ဆန့်ကျင်ခဲ့တယ်။ အဓိက က မီနဲ့တသားတည်းကျချင်လို့ပါ”ဟု ပိုင်ဖြိုးသုက ပြောသည်။

မီ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဏ ကြီးက ရိုက်ကူးနေပြီး သရုပ်ဆောင်နေတိုး သားညီ ရဲအောင် အောင်ရဲထိုက် တို့နှင့်အခြားသော အနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Written by – Hinthar Media

Leave a Reply