၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက ၎င်းတို့၏ ဒီမိုကရေစီဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်ပြိီဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေနှင့် လူထု၏ ဒီမိုကရေစီ ဆန္ဒကို လက်တွေ့အဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိမရှိနှင့် ပတ်သက်၍မူ စောင့်ကြိုနေသော စိန်ခေါ်မှုများကား ဒုနဲ့ ဒေးပင်ဖြစ်သည်။

demo

မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း လွတ်လွတ်ကျွတ်ကျွတ် အောင်ပွဲရ မရ ဆိုသည်ကို အစဉ်အလာအာဏာရှင် စနစ်ကို ဖယ်ရှားပစ်နိုင်စွမ်း၊ ဒီမိုကရေစီစနစ်ကိုအောင်မြင်အောင်တည်ဆောက်နိုင်စွမ်း၊ ယဉ်ကျေးမှုမတူသူ၊ ဘာသာကွဲသူများ ရှင်သန်ရပ်တည်ခွင့်အတွက် ထောက်ပံ့ပေးနိုင်စွမ်း၊ နိုင်ငံသား အားလုံးကို ကောင်းမွန်သော လူနေမှုအဆင့်အတန်းဖြင့် ထားနိုင်စွမ်း ဟူသော မှတ်ကျောက်လေးခုဖြင့် စမ်းသပ်စစ်ဆေးရမည်ဖြစ်သည်။

NLD အစိုးရအနေနှင့် အထက်ပါ အချက်များကို အောင်မြင်အောင်ဖြေရှင်းနိုင်စွမ်းမှာမူ စိန်ခေါ်ချက်များစွာရှိ သည်။ ထို့ပြင် အဆိုပါ ပြဿနာများမှာ အချိန်မီ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပါက အရှုံးနှင့် ရင်ဆိုင်ရနိုင်သော အဖျက်မျိုးစေ့များလည်း ကိန်းအောင်းနေသည်ကိုလည်း တွေ့ရသည်။ ရွေးကောက်ပွဲတွင် NLD အနိုင်ရသွားရုံမျှဖြင့် မြန်မာ့နိုင်ငံတည်ငြိမ်ရေးအတွက် အာမခံချက်ပေးနိုင်ပြီဟု မဆိုနိုင်ပါ။အကြောင်းမှာ ခေတ်အဆက်ဆက် စစ်အစိုးရများ၏ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို အစိုးရသစ်က အမွေခံထားရခြင်းကြောင့်ဖြစ်ပါသည်။

နှစ်ပေါင်း ငါးဆယ်ကျော်ခန့် အာဏာရှင်စနစ်အောက်တွင် နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ၏ ဒေသအတော်များများမှာ အစိုးရတပ်မတော်ကို အလွန်အကျွံ့ချဲ့ထွင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုးပွားလာမှု၊ တရားဥပဒေစိုးမိုးမှု မရှိသလောက်အားနည်းခြင်း၊  အာဏာပိုင်တို့၏ ထားရနေစေရာသွားရသော ကံကျွေးချဘဝ မျိုးနီးနီး နိမ့်ပါးသွားခဲ့ရတော့သည်။

စီးပွားရေးမညီမျှမှုနှင့် အတားအဆီးများ

မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းအတွက် အဓိကအတားအဆီးတစ်ခုမှာ ယခင် အာဏာရှင် အစိုးရအဆက်ဆက် လက်ထက်ကကျင့်သုံးခဲ့သော ကျေးဇူးစား၊ ကျေးဇူးခံအုပ်ချုပ်မှုအောက်တွင် တိုင်းပြည်၏ ငွေကြေးဓနမှာ လက်တစ်ဆုပ်စာ လူတစ်စုလက်ထဲသို့ ရောက်ရှိသွားတော့သည်။ သို့ဖြင့် ဗိုလ်ချုပ်ဟောင်းများ၏ မိသားစုများ၊ အပေါင်းအသင်းမိတ်ဆွေများမှာ တိုင်းပြည်၏ စီးပွားရေးပါဝါကို ထိန်းချုပ်ထားနိုင်ပါတော့သည်။ ကုန်ခဲ့သော အရပ်သား အစိုးရလက်ထက်တွင် အချို့သော ဗိုလ်ချုပ်ဟောင်းများက စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်လိုကြသော်လည်း၊ အချို့သော ဗိုလ်ချုပ်ဟောင်းများက ပြုပြင်ပြောင်းလဲမှုများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးမှုများရှိခဲ့သည်။

ယခင် အရပ်သားအစိုးရငါးနှစ်သက်တမ်းကာလတွင် အချို့သော စစ်ဘက်အရာရှိဟောင်းများက အစိုးရ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြေလျော့ခြင်း၊ မြေယာအညီအမျှဝေခြမ်းရေး၊ ပွင့်လင်းမြင်သာသော ဘဏ်စနစ်ကျင့်သုံးခြင်း၊ အခွန်ကောက်ခံခြင်း စသည့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆန့်ကျင်ခဲ့ကြသည်။ အစိုးရ၏ စည်းမျဉ်းများကို လိုသလိုပုံဖော်၍ စီးပွားရေးကို ထိန်းချုပ်ခဲ့ကြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် စစ်ဘက်အရာရှိဟောင်းများနှင့် အရပ်ဘက်စီးပွားရေးအီလစ်များကို နိုင်ငံရေးအာဏာခွင်မှ ဖယ်ရှားနိုင်ခဲ့သော်လည်း၊ ၎င်းတို့မှာ နိုင်ငံ၏ စီးပွားရေးနှင့် မြေယာအရင်းအမြစ်များစွာကို ထိန်းချုပ်ထားနိုင်ဆဲပင်ဖြစ်သည်။ NLD အစိုးရအနေနှင့် ၎င်းကိုထောက်ခံသူများ စိတ်ပျက်အားလျော့ခြင်းမရှိစေဘဲ အဆိုပါပြဿနာများကို ကိုင်တွယ်ရန်ဆိုသည့်ကိစ္စမှာ ခက်ခဲသောအလုပ်ဖြစ်သည်။

ငွေကြေးဥစ္စာများ လူတစ်စု၏လက်ထဲများ အလွန်အကျွံစုပုံနေခြင်း၊ မြေယာနှင့်သဘာဝသယံဇာတအရင်းအမြစ်များကို အဆိုပါ လူတစ်စုက ထိန်းချုပ်ထားခြင်းတို့မှာ တိုင်းပြည်လူမှုစီးပွားပြဿနာ၏ အဓိကသော့ချက်ပင်ဖြစ်သည်။ ယင်းကြောင့်ပင် လူထုဆန္ဒပြပွဲများ၊ ပဋိပက္ခများ မကြာခဏဖြစ်ပွားနေဖြစ်လည်းဖြစ်သည်။

အကျင့်ပျက်ခြစားမှု၊ ငွေကြေးအလွဲသုံးမှုများကို တိုက်ဖျက်ရန် အစိုးရက ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း အခြေအနေမှာ တဖြည်းဖြည်း ပြင်ဆင်ပြောင်းလဲသွားရမည်ဖြစ်သည်။ ငွေကြေးလွှဲပြောင်းမှုများကို နိုင်ငံခြားဘဏ်များမှတစ်ဆင့်သာပြုလုပ်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ ငွေကြေးဓနများကို တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် လုပ်ငန်းမျာတွင် အသုံးပြုခြင်း၊ စွမ်းဆောင်ရည်မြင့်သော စီးပွားရေးလုပ်ငန်းစဉ်များ ဖန်တီးပေးခြင်း အကျင့်ပျက်ခြစားမှုခံတပ်ကြီးကို ဖြိုဖျက်ခြင်း၊ ပွင့်လင်းမြင်သာသော အစိုးရကို ဖန်တီးခြင်းစသည့် နည်းလမ်းများဖြင့် ပြင်ဆင်သွားရမည်ဖြစ်သည်။

စစ်ဘက်၏ အလွန်အကျွံထိန်းချုပ်ထားမှုများ

မြန်မာနိုင်ငံမှာ စစ်ဘောင်သွင်းမှု ဒီဂရီမြင့်သော နိုင်ငံတစ်ခုဖြစ်သည်။ အရပ်ဘက်ခေါင်းဆောင်များအနေနှင့် တိုင်းပြည်ကို ဗရုတ်သုတ်ခဖြစ်ပွားခြင်းမှ မကာကွယ်နိုင်သေးသမျှ ရင့်ကျက်သော ဒီမိုကရေစီစနစ်သို့ မရောက်ဟု မြန်မာစစ်ဘက်ခေါင်းဆောင်များက  လက်ခံယုံကြည်ထားသည်ကို တွေ့ရသည်။ အဆိုပါယုံကြည်ချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကပြုလုပ်ခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် စစ်ဘက်လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရှိပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်နက်ဖြုတ်သိမ်း၍၊ နေရာတကျရှိပြီးမှသာလျှင် မြန်မာစစ်ဘက်အနေနှင့် နိုင်ငံရေးအဝန်းအဝိုင်းမှ နောက်ဆုတ်မည်ဟု မြန်မာစစ်ဘက်က ပြောကြားခဲ့သည်။
စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပြဿနာမှာ မြန်မာ့ဒီမိုကရေစီအတွက် အလွန်အရေးကြီးသော၊ အကဲဆတ်သော၊ သတိကြီးကြီးထားရမည့် ကိစ္စဖြစ်သည်။ အဆိုပါပြဿနာကို ပါးနပ် လိမ္မာစွာ ကိုင်တွင်ဖြေရှင်းမှသာလျှင် မြန်မာ့ဒီမိုကရက်တိုင်းဇေးရှင်းမှာ ခိုင်မာရင်ကျက်သော ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

စာညွှန်း။    ။ Securing a Democratic Future for Myanmar
ဆက်လက်ဖော်ပြပါမည်။

Leave a Reply