ယခင်တစ်ပတ်မှအဆက်

ပြုပြင်ပြောင်းလဲရေးကတိများ လက်တွေ့ဖြစ်လာရေး

ယခင်အစိုးရငါးနှစ်တာသက်တမ်းက အစိုးရထိန်းချုပ်မှုများကို လျော့ချလိုက်ခြင်းသည် အစိုးရ၏ စွမ်းဆောင် ရည် ကို ထိခိုက်ခဲ့ရသည်။ စစ်တပ်၏ ရည်မှန်းချက်များကို အဓိကအလေးထားခဲ့သော ယခင်စစ်အစိုးရ၏ အာဏာရှင်ဆန်ဆန် အမိန့်ပေးစနစ်မှ ပြည်သူ့ လိုလားချက်များကို အလေးထားသော စနစ်သို့ ဦးသိန်းစိန် အစိုးရက ပြောင်းလဲရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

nyana

လွန်ခဲ့သော အစိုးရသက်တမ်း ငါးနှစ်အတွင်း အစိုးရဝန်ကြီးဌာနများတွင် ဝင်ရောက်အလုပ်လုပ်ခဲ့သော မူဝါဒရေးရာ လေ့လာသုံးသပ်သူများ၏ အမြင်အရ အစိုးရအဖွဲ့၏ လက်ရှိတည်ဆောက်ပုံစနစ် (Structure) ကို အခြေခံကျကျ မပြောင်းလဲနိုင်သရွေ့ အစိုးရဝန်ထမ်းများကို ပြောင်းလဲရန် မလွယ်ကူဟု ဆိုပါသည်။

လက်ရှိအစိုးရတည်ဆောက်ပုံစနစ် (Structure) သည် အလယ်အလတ်အဆင့်နှင့် အောက်ခြေအဆင့် ဝန်ထမ်းများကို မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်တွင် တက်တက်ကြွကြွ ပါဝင်စေနိုင်ခြင်းမရှိပေ။ NLD အစိုးရအနေ နှင့် ယခင်အာဏာရှင် အစိုးရအမွေဆိုးများကို ပြောင်းလဲပစ်ရန် ၊ မူဝါဒသစ်များ ချမှတ်အကောင်အထည် ဖော်ရာတွင် ထိရောက်စွမ်းဆောင်ရည်ပြည့်သော ဝန်ကြီးဌာနများ ဖွဲ့စည်းရန် အခွင့်အလမ်း များစွာရှိနေသည်ကို တွေ့ရသည်။

ထို့ပြင် မြေယာစီမံခန့်ခွဲမှုမှာလည်း အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ ယင်းကိစ္စကြောင့် လူမှုရေး မတည်ငြိမ်မှုများဖြစ်လျက်ရှိပြီး၊ အစိုးရဟောင်းအနေဖြင့် ပြည့်ပြည့်ဝဝ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။ ယခင်အစိုးရလက်ထက်တွင် မြေယာစီမံခန့်ခွဲမှု မူဝါဒအသစ်များ ချမှတ်ခဲ့သော်လည်း၊ လက်တွေ့အကောင် အထည်မဖော်နိုင်ခဲ့ပေ။ အကြောင်းမှာ မြေယာပိုင်ဆိုင်မှုကိစ္စနှင့်စီမံခန့်ခွဲမှု ကိစ္စများမှာ ဝန်ကြီးဌာနများစွာနှင့် ဆက်စပ်လျက်ရှိပြီး၊ အဆိုပါ ဝန်ကြီးဌာနများကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ဟောင်းများကလည်း ပူးပေါင်းပါ ဝင်လိုမှုမရှိခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။
ယင်းအပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်ခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများ တိုးပွားလာခြင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခတိုးမြင့်လာခြင်းနှင့်အတူ မြေသိမ်းယာသိမ်းကိစ္စများ မှာလည်း အရှိန်မြင့်လာခဲ့သည်။ထိုအချက်ကြောင့်ပင် ဆန္ဒပြမှုများ အနှံ့အပြားဖြစ်ပွားစေခဲ့သည်။ NLD အစိုးရအပေါ် လူထု၏မျော်လင့်ချက်များ မြင့်မားနေခြင်းကြောင့် အစိုးရသစ်အနေဖြင့် ဆန္ဒပြမှုများနှင့် ပိုမိုကြုံတွေ့လာ ဖွယ်ရှိသည်။

လူမှုအစုအဖွဲ့များကြား ပဋိပက္ခများ

မြန်မာနိုင်ငံတွင် ဒုက္ခအပေးဆုံး ပြဿနာတစ်ခုမှာ မကြာသေးသောနှစ်ကာလများအတွင်း ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအချို့နှင့် မွတ်ဆလင်အချို့အကြားဖြစ်ပွားခဲ့သော ပဋိပက္ခပင်ဖြစ်သည်။ ယင်းပဋိပက္ခမှာ မြန်မာနိုင်ငံ မြို့အချို့တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မွတ်ဆလင်အများစုမှာ ဗြိတိသျှ ကိုလိုနီလက်ထက် က အိန္ဒိယမှ မြန်မာနိုင်ငံသို့ရောက်ရှိလာကြခြင်းဖြစ်ပြီး၊ မြန်မာဗုဒ္ဓဘာသာအများစုက ၎င်းတို့ကို ဌာနေတိုင်းရင်း သားအဖြစ် မယူဆထားပေ။ ရခိုင်ပြည်နယ်အနောက်ဘက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ဒေသရှိ မွတ်ဆလင်ဘာသာဝင် လူမျိုးစုများကိစ္စမှာ ယင်းပြဿနာ၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ အဆိုပါ လူမျိုးစုများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင်လည်းနေထိုင်ကြပြီး အများစုမှာ မည်သည့်နိုင်ငံသားမှ မဟုတ်ကြပေ။ အဆိုပါဒေသရှိ လူမှုပဋိပက္ခများမှာ ဘာသာရေး၊လူဦးရေး၊တိုင်းရင်းသားဖြစ်မှု၊ စီးပွားရေးဟူသော အကြောင်းအချက်များကြောင့် ဖြစ်ပြီး၊ ယင်းပဋိပက္ခကို မီးထိုးပေးနေသော အချက်မှာ နှစ်ဖက်လူမှုအဖွဲ့အစည်းကြားရှိ အစွန်းရောက်အသံများကြောင့်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်ခုဖြစ်သည်။ ပြည်တွင်းစစ်သည် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသကဲ့သို့၊ စစ်အစိုးရ၏ နှစ်ငါးဆယ်ကျော်ကြာအုပ်ချုပ်ခဲ့မှုတွင်လည်း အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရလက်ထက် အထင်ရှားဆုံး အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ ယခုကဲ့သို့ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ဘက်ပေါင်းစုံမှ ဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာသဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း၊ ပါဝင်ဆွေးနွေးခဲ့ကြသည်များအနေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ချမှတ်ခြင်း ကိစ္စများတွင် အခြေခံကောင်းများချမှတ်နိုင်ခဲ့ကြသည်။

NLD အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရှိအောင်ပြုလုပ်ရန် အခြေအနေ ကောင်းများ ပွင့်လျက်ရှိသည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရစစ်ဘက်၏ ပူးပေါင်းပါဝင်မှုမှာလည်း အလွန်အရေးကြီးသည်။ အစိုးရစစ်ဘက်၏ စစ်တပ်တစ်တပ်တည်းသာရှိရေးမူနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကိုယ်ပိုင် စစ်တပ်ထားရှိရေးမူ အကြားတွင် NLD အစိုးရအနေနှင့် ကြားဝင်စေ့စပ်ပေးရန်လိုအပ်သည်။ တရုတ်နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားနေသော အစိုးရစစ်တပ်နှင့် တိုင်းရင်းသားစစ်တပ်တို့အကြား တိုက်ပွဲများမှာ NLD အစိုးရအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတို့မှာလည်း လွန်ခဲ့သော ငါးနှစ်အတွင်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ ယင်းကိစ္စကို လေးလေးနက်နက် အာရုံစိုက်ဖြေရှင်းခြင်းမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အရေးကြီးလှပေသည်။

စာညွှန်း။ ။ Securing a Democratic Future of Myanmar

Leave a Reply