ယမ်းငွေ့များ ပျယ်လွင့်စေမည့် ခြေလှမ်းများ စတင်ရန် အတွက် အချိန် နှစ်ရက်သာ လိုတော့သည်။
နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်သည်အထိ သက်ဆိုးရှည်နေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် မတူကွဲပြား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်ချမ်းရေးတည်ဆောက်မည့် ခြေလှမ်းလည်း ဖြစ်သည်။
4

ယင်းမှာ အစိုးရသစ်က ဦးဆောင်စီစဉ်လျက်ရှိသော သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ပင်ဖြစ်သည်။

ယခင်အစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပထမဆုံးအကြိမ် ခေါ်ယူ ကျင်းပခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ယခင်အစိုးရ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် အစိုးရသစ် က ဆက်လက် လျှောက်လှမ်းနေသည်ဟု ပြောပါကလည်း ငြင်းပယ်စရာမရှိပေ။

သို့သော် ယခု အရပ်သားအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကွဲပြားမှု များလည်း ရှိနေလေသည်။
ယင်း မတူညီမှုများကပင် ၂၁ ရာစုပင်လုံညီလာခံကို ပြည်တွင်းစစ် အဆုံးသတ်ရေး အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးနိုင်သလို မထင်မှတ်ဘဲ ပေါ်ပေါက်လာနိုင်သည့် စိန်ခေါ်မှုများကလည်း ဒုနှင့်ဒေး ပင်။

လက်နက်ကိုင်ပဋိပက္ခသည် နိုင်ငံရေးပြဿနာ အခြေခံကြောင့်ဖြစ်ပြီး နှစ်ဖက်သဘောတူညီမှုများ ရရှိသည် အထိ ညှိနှိုင်းမည်ဖြစ်သောကြောင့် ညီလာခံကို တစ်ကြိမ်တည်းမဟုတ်ဘဲ ခြောက်လတစ်ကြိမ် ကျင်းပသွားရန် အစိုးရဘက်က စီစဉ်ထားသည်။

ယုံကြည်မှုတည်ဆောက်မယ့် ညီလာခံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံတွင် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့များကိုပါ တက်ရောက်ဆွေးနွေးခွင့်ပြုခြင်းက ယခင် ညီလာခံနှင့် မတူ ခြားနားမှု တစ်ရပ် ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက လိုအပ်ချက်မှာ ယုံကြည်မှုပင်ဖြစ်ပြီး ယခု ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံ သည်လည်း ယုံကြည်မှု တည်ဆောက်နိုင်ရေးကို ဦးတည်ကြောင်း ပြောဆိုလာသူမှာ အစိုးရသစ်၏ ငြိမ်းချမ်းရေး ကစားကွက်၏ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခြင်းလည်းဖြစ်သည်။

“ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လောက်ပဲလက်မှတ်ထိုးထား ထိုးထား ဒါတွေဟာ အဟောသိကံ ဖြစ်သွား မှာပဲ။”ဟု ၎င်းကဆိုသည်။
ယင်းကြောင့် အစိုးရသစ်၏ ငြိမ်းချမ်းရေးခြေလှမ်းသည် ယခင်အစိုးရကဲ့သို့ NCA လက်မှတ်ရေးထိုးရေးကို အဓိက ထားခြင်းမဟုတ်ဘဲ ယုံကြည်မှုတည်ဆောက်ရေးကို ပိုမို ဦးစားပေးမည့် သဘောလည်းဖြစ်သည်။

ယင်းမှာ အစိုးရ နှင့် ပစ်ခတ်မှုများ မရှိသောကြောင့် NCA လက်မှတ်ရေးထိုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည့် မြန်မာ-တရုတ် နယ်စပ်ရှိ အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်သော “ဝ” နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များအတွက် အရေးပါမှုတစ်ခုလည်းဖြစ်သည်။

မိုင်းလား လက်နက်ကိုင်အဖွဲ့(NDAA) အထွေထွေအတွင်းရေးမှူး ဦးကြည်မင်းကလည်း “ကျွန်တော်တို့က တိုက်ပွဲမဖြစ်ဘဲ နဲ့ ဘာကြောင့် လက်မှတ်ရေးထိုးစရာ လိုရမှာလဲ။ ဒီအတိုင်း ညီလာခံတက်ခွင့်ရတာကို လိုချင်တာပေါ့”ဟု ရှင်းပြသည်။

NCA မလိုတဲ့ ညီလာခံ

လက်ရှိတွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ညီလာခံသို့ တက်ရောက်မည့် အနေအထားတွင်ရှိကြောင်း အစိုးရဘက်ကဆိုသည်။

ယင်းအဖွဲ့အစည်းများမှာ ယခင်အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးခြင်းမရှိသည့်အပြင် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ ဖိတ်ခေါ် ဆွေးနွေးမှုများအရ NCA လက်မှတ်ထိုးရန်မလိုအပ်ဘဲ ညီလာခံသို့ တက်ရောက်ရေးအတွက် UNFC က ပြင်ဆင်လျက်ရှိသည်။

ထို့အပြင် UNFC ၏ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ DPN နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့များ ပါဝင် သော “ ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေး ကျင်းပရေး ပူးတွဲကော်မတီ” ကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်သည်။

ညီလာခံသို့ UNFC အဖွဲ့ဝင်များ ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် လက်နက် ကိုင် ခုနစ်ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် “ဝ”၊မိုင်းလား၊ နာဂ လက်နက်ကိုင် အဖွဲ့များ တက်ရောက်မည်ဖြစ်သည်။

“NCA လက်မှတ်ထိုးတဲ့ကိစ္စက ဒီညီလာခံပြီးမှပဲ ဖြစ်နိုင်မယ့် အနေအထားတော့ရှိတယ်” ဟု UNFC ၏ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ DPN ဒုတိယခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စိုင်းထူးက ရှင်းပြဆိုသည်။
ခက်ခဲနေဆဲ မြောက်ပိုင်းအဖွဲ့
၂၁ရာစုပင်လုံညီလာခံတွင် လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ဆွေးနွေးခွင့်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ချိန်တွင် ကြွေးကြော်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် အဓိက အခြေစိုက်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ ကို ညီလာခံခန်းမအတွင်းသို့ ထည့်သွင်းနိုင်ရေးမှာ အခက်အခဲရှိ ဆဲဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်းက တပ်မတော် ကို အထိနာစေခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲ ကြီးများတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(NDAA) ဘက်မှ ရခိုင်(AA)၊ တအောင်း(TNLA) တို့က မဟာမိတ် အဖြစ် ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။

ယင်းဖြစ်ရပ်များကြောင့် မဟာမိတ်သုံးဖွဲ့ အနေဖြင့် လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းစေလိုသည်ဟု ဆန္ဒရှိကြောင်း တရားဝင် ကြေညာမှသာ ညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဟု အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

သို့သော်လည်း မဟာမိတ်သုံးဖွဲ့ကမူ နိုင်ငံရေးအရ သဘောတူညီမှု မရရှိသေးသည့်အချိန်တွင် ယင်းသို့ ကြေညာပေးနိုင်ခြင်းမရှိကြောင်း အသီးသီးတုံ့ပြန်ပြောဆိုခဲ့သည်။
ထို့အပြင် သြဂုတ်လတတိယပတ်အတွင်းထုတ်ပြန်လိုက်သော မဟာမိတ် သုံးဖွဲ့၏ ကြေညာချက်တွင်လည်း တပ်မတော်နှင့် အပြန်အလှန် စစ်ရပ်စဲရေးကိုသာ ဖော်ပြထားသည်။

ယင်းကြောင့် လက်ရှိတွင် ယင်းလက်နက်ကိုင်အဖွဲ့များအနေနှင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် အဆင်မပြေနိုင်သေးကြောင်း အစိုးရဘက်ကထုတ်ဖော်ပြောဆိုသည်။

“ ညှိနှိုင်းမှု အဆင်မပြေသေးတော့ သူတို့ကိုတော့ ဖိတ်စာပေးပို့ ခက်နေပါတယ်။” ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့များ နှင့် မဟာမိတ်သုံးဖွဲ့ တွေ့ဆုံရေးအတွက် ကြားဝင်ညှိနှိုင်းပေးလျက်ရှိသော မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မင်းကမူ “ အခြေအနေက အပြီးပြတ် ပြောလို့တော့မရသေးပါဘူး၊ တချို့ဟာတွေတော့ နှစ်ဖက်လုံး လျော့သင့်တာ လျော့ရမှာပေါ့” ဟု သုံးသပ်ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည့် ပြည်တွင်းစစ်ရပ်စဲရေး ခြေလှမ်းဖြစ်သည့် ငြိမ်းချမ်းရေးညီလာခံ တဖြစ်လည်း ၂၁ရာစုပင်လုံ ညီလာခံ ကျင်းပမည့် အချိန်မှာ နီးကပ်လာပြီဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကမူ အစိုးရအဆက်ဆက် ရွှေပြည်တော် မျှော်တိုင်း ဝေးဖြစ်ခဲ့သော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးကိုသာ ဦးစားပေး ဆောင် ရွက်မည်ဟု ထုတ်ဖော်ပြောဆိုလာသည်။

“ကျွန်မတို့ ဘာ့ကြောင့်ထာဝရ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်တာလဲ အဲဒီဘာ့ကြောင့်လဲမှာ ကိုယ့်ဘက်ကဘာမှားလဲပေါ့။သူတို့ဘက်ကဘာ့ကြောင့်ငြိမ်းချမ်းရေးရအောင်မလုပ်သေးတာလဲ။ ဟိုဘက်ဒီဘက်မျှမျှတတစဉ်းစားကြမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက်အခွင့်အရေးရလာမှာပါ”ဟု၎င်းကဆိုသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးအတွက် ရရှိလာသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင် တတ်ကြရန် လိုအပ်ကြောင်း ဆိုလာသူမှာ တပ်မတော် နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော် ဖြစ်သည်။

“ဆွေးနွေးခွင့်ရတဲ့ အချိန်မှာ ကျွန်တော်တို့တွေရဲ့ မတူညီမှုတွေကို အဖြေထွက်လာတဲ့အထိ ညှိနှိုင်းရ မှာပါ”ဟု ၎င်းက ဆိုလေသည်။

Leave a Reply