Advertisements

မော်လမြိုင်၊ မတ် ၂၆

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဖွင့်လှစ်ပေးထားသည့် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ စိမ်းလဲ့တင် Adventure Landနှင့် အပန်းဖြေစခန်းကို လုပ်ကိုင်ခွင့် လိုင်စင်ချပေးထားခြင်း မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

“စိမ်းလဲ့တင်အပန်းဖြေစခန်းကို လိုင်စင်မချရသေးဘူး။ အစီရင်ခံစာတက်လာလို့ရှိရင် သတ်မှတ်ကြေး ရှိထားပြီ ဆိုတော့ ဥယျာဉ်အတွက် ဘယ်နှစ်ဧက ဘယ်လောက်ကောက်သင့်လဲ။ တိရိစ္ဆာန်ဥယျာဉ်အတွက် ဘယ် လောက်ကောက်သင့်လဲ။ နောက်တစ်ခုက Advnture land ၊ ဒါကတော့ အပန်းဖြေဥယျာဉ်မှာ ပါပြီးသားဆိုတော့ ဒီဧကအပေါ်မှာ တစ်နှစ်အတွက် ဘယ်လောက်ကောက်သင့်လဲဆိုတာ ကော်မတီက ဆုံးဖြတ်ချက် ချပြီးရင် ပြည်နယ်အစိုးရကို တင်လိုက်မယ်။ ပြည်နယ်အစိုးရကတ်ဘိနက်မှာ သုံးသပ်ပြီးတော့ ဒါကို လိုင်စင်ထုတ်ပေးလိုက်မယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
စိမ်းလဲ့တင် Adventure land နှင့် အပန်းဖြေစခန်းကို ကျိုက်ထိုမြို့နယ် ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးဆဲဖြစ်ကြောင်း မြို့နယ်ကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီးပါက ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိမ်းလဲ့တင်မှ ဖွင့်လှစ်ထားသော မြေဧရိယာ (၇)ဧက တိရစ္ဆာန်ဥယျာဉ်ငယ် တည်ထောင်ခွင့်ကို သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ၂၀၁၈ ခုနှစ်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

စိမ်းလဲ့တင်အပန်းဖြေစခန်း (၅)ဧက၊ စမ်းလဲ့တင်တိရစ္ဆာန်ဥယျာဉ် (၇)ဧကနှင့် စိမ်းလဲ့တင် Adventure Land (၁၀)ဧကတို့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်များနှင့်အတူ လုပ်ငန်းလိုင်စင်ရရှိရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က လျှောင်တင်ထားသည်။

အခကြေးငွေယူပြီး ဖွင့်လှစ်ထားသည့် ရေကူးကန်အပါအဝင် အပန်းဖြေစခန်းများသည် အပန်းဖြေစခန်းများ၊ တိရစ္ဆန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေပုဒ်မ ၄၄ နှင့်အညီ လုပ်ငန်းလိုင်စင်လျှောက်တင်ရမည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်း၊ ကလေးကစားကွင်း၊ ရေးကူးကန်၊ တိရစ္ဆာန်ဥယျာဉ်များမှာ ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးနှင့်ပ စိမ်းလဲ့တင်၊ ပေါင်မြို့နယ်၊ မုတ္တမမိသားစုကမ္ဘာ၊ မော်လမြိုင်မြို့နယ် မွန်မင်းလမ်း၊ မုဒုံမြို့နယ် ကျွန်းနှစ်ပင်၊ သံဖြူဇရပ်မြို့နယ် ၂၁ ပါရာဒိုက်တို့ဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply