စိုက်ပျိုးမြေနမူနာများ မြေဆီလွှာ ဓါတ်ခွဲစစ်ဆေးမည်

ထားဝယ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ ခုမှ စံပြကျေးရွာ ၁၀ရွာရှိ မြေနမူနာများကို မြေ ဆီလွှာဓါတ်ခွဲခန်းတွင် ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးရုံးမှ ဒု ဦးစီးမှူး(လယ်ယာ) ဦးစန်းလွင်က ပြောသည်။

မြေနမူနာကောက်ယူမှုနှင့် စပ်လျဉ်း၍ “မြေဧက ၅၀မှာ နမူနာ ၁ခုနှုန်း”ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့နယ် ဇဟာကျေးရွာ၊ လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာ၊ ရေဖြူမြို့နယ်နတ် တွင်းကျေးရွာ၊ သရက်ချောင်းမြို့နယ်ဆင်ကူးကျေးရွာ၊ မြိတ်မြို့နယ်ဝံမယ်ကျေးရွာ၊ ကျွန်းစုမြို့နယ်မောင်း လျှော်ကျေးရွာ၊ပုလောမြို့နယ်လက်ကူးကျေးရွာ၊ တနင်္သာရီမြို့နယ်အရှေ့မော်တုန်းကျေးရွာ၊ကော့သောင်းမြို့ နယ်ရွှေပြည်စိုးကျေးရွာနှင့်ဘုတ်ပြင်းမြို့နယ်အောက် လိုက်ကျေးရွာတို့ကို အဆင့်မြင့်နည်းပညာသုံးစံပြကျေး ရွာအဖြစ် သတ်မှတ်ထားသည်။

တိုင်းအတွင်း ခရိုင် ၃ခုရှိသည့် အနက် ယခင်က ခရိုင်(၁)ခုလျှင် (၁)ရွာကို အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာသတ်မှတ်ကာ လုပ်ဆောင်လာခဲ့ရာမှ ပြီးခဲ့သည့်မိုးရာသီမှစ၍ ၁၀မြို့နယ်မှ(၁)ရွာစီကို တိုးမြှင့်သတ်မှတ်၍ လုပ်ဆောင်နေကြောင်း၊ ယခင်က ရန်ကုန်ရှိ အောက်မြန်မာပြည်ဓါတ်ခွဲခန်းထိ မြေနမူနာပေးပို့၍စစ်ဆေးရသော်လည်း ယခုနှစ် သြဂုတ်မှစ၍ ထားဝယ်ခရိုင် စိုက်ပျိုးရေးရုံးဝင်းမှာပင် စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးမြေကို မြေဆီလွှာဓါတ်ခွဲခန်းတွင် ယင်းသို့ စမ်းသပ်စစ်ဆေးခြင်းဖြင့် ပါဝင်မှုအဆင့်အတန်းအပေါ်မူတည်ပြီး အထွက်နှုန်းကောင်းမွန်ရန် မြေသြဇာ စသည့် သွင်းအားစု မည်မျှ စိုက်ထည့်ရမည်ကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် မြေချဉ်ငံဓါတ်ကိုပြုပြင်ရန်အကြုံပြုချက် များလည်း ပေးနိုင်မည်ဖြစ်ကြောင်း ၊ တောင်သူများအနေဖြင့် ထည့်သွင်းရမည့် မြေသြဇာအချိုးအစားကို တိကျစွာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများတွင် မျိုးစေ့ထုတ်လုပ်ငန်း၊မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ စိုက်ပျိုးနည်းစနစ်၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးစသည့်လုပ်ငန်းများကိုစိုက်ပျိုးရေးဌာနဝန်ထမ်းများကအနီးကပ်ဆောင်ရွက်ပေးနေကြောင်း ဦးစန်းလွင်က ပြောသည်။

ရေဖြူမြို့နယ် နတ်တွင်းကျေးရွာခံ တောင်သူ ဦးအုန်းရွှေက တောင်သူ ၅ဦးကို ၂ ဧကနှုန်းစီဖြင့် ပေါင်း၁၀ဧကအတွက် မျိုးစပါးနှင့်စိုက်ပျိုးစရိတ် ဌာနက ထုတ်ပေးပြီး ဥယျာဉ်ခြံမြေနမူနာ ၅ခုကိုဓါတ်ခွဲစမ်းသပ်ရန် နမူနာပေးပို့ထားကြောင်း ပြောသည်။

ယခင်က တောင်သူများအနေဖြင့် မြေသြဇာကို မှန်းဆ စိုက်ထည့်နေရကြောင်း၊ စိုက်ပျိုးမြေကို ယင်းသို့ ဓါတ်ခွဲစမ်းသပ်ကာ မြေသြဇာအချိုးအစားတွက်ချက်ပေးခြင်းဖြင့် တိကျမှုရှိလာပြီး သီးနှံအထွက်နှုန်းပိုလာမည် ယူဆကြောင်း သဗြေချောင်းကျေးရွာမှ ဦးစိုးသိန်းက မှတ်ချက်ပြုသည်။

လတ်တလောအခြေအနေမှာ”အများအားဖြင့် မြေမှာ ချဉ်ငံဓါတ်များနေတာတွေ့ရတယ်၊ ရမ်းသန်းပြီး ပိုတက်တို့ ထုံးမှုန့်တို့ကို ထည့်နေရတယ်”ဟု ၎င်းကဆိုသည်။
စိုက်ပျိုုးရေးဝန်ထမ်းများအနေဖြင့် စိုက်ပျိုးရေးနည်းစနစ်များကို ပြောဆိုသော်လည်း မိရိုးဖလာစိုက်ပျိုးနည်းစနစ်များကိုမူ လက်မလွှတ်ရဲကြောင်း ထားဝယ်ဒေသခံတောင်သူများက ဆိုသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.