မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်ရှိ စိုက်ပျိုးသူကင်းမဲ့နေသော လယ်ယာများတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) အကောင်အထည်ဖော်သင့်သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံကဆိုသည်။

“ပြည်နယ်မှာ နွေရောမိုးရော ရေလုံလုံလောက်လောက်ရတဲ့ နေရာတွေရှိပါတယ်။ လောလောဆယ် လယ်ယာလုပ်သားရှားပါးမှု ပြဿနာတွေကြောင့် စိုက်ပျိုးသူကင်းမဲ့တဲ့နေရာတွေရှိတယ်။ အဲဒီမှာ Contract Farming လုပ်ဆောင်မယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်” ဟု ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ်တွင် စိုက်ဧကများသော်လည်း လယ်လုပ်သူမရှိသဖြင့် အကျိုးမဲ့ပြုန်းတီးနေသော မြေများတွင် အကျိုးတူလယ်ယာစနစ် ဖော်ဆောင်သင့်ပြီး လုပ်သားရှားပါးမှုကြောင့် စက်မှုလယ်ယာဝန်ဆောင်မှုကို အစိုးရမှ အားပေးသင့်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးကဆိုသည်။

“Contract Farming သွားကိုသွားသင့်တယ်။ သွားတဲ့အခါမှာ လုပ်ထုံးလုပ်နည်း ဆွဲထားရမယ်။ လုပ်ချင်တဲ့သူတွေအတွက် အရံသင့်ဖြစ်အောင် လုပ်ထားပေးစေချင်တယ်။ ဒါမျိုးတွေ ဖန်တီးပေးမယ်ဆိုရင် မွန်ပြည်နယ်ရဲ့ ဆန်စပါးကဏ္ဍကို ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာမယ်” ဟု ၎င်းကဆိုသည်။

Contract Farming စနစ်ဖော်ဆောင်ရာတွင် မိမိတို့ဒေသနှင့် ကိုက်ညီမှုရှိသည့် ဥပဒေကို ဦးစွာရေးဆွဲရမည်ဖြစ်ပြီး တောင်သူနှင့် လုပ်ငန်းရှင်အားလုံးအတွက် စာချုပ်ကို တပြေးညီဖြစ်အောင် သတ်မှတ်ရမည်ဟု ၎င်းကဆက်ပြောသည်။

အကျိုးတူလယ်ယာ စနစ်သည် လယ်သမားနှင့် ကန်ထရိုက်ပေးသည့် လုပ်ငန်းရှင်ကြား အာမခံစာချုပ်ချုပ်သည့် စနစ်ဖြစ်ပြီး လုပ်ငန်းရှင်ကဝယ်ယူမည့်ဈေးနှုန်း၊ စပါးပမာဏနှင့် တောင်သူဘက်မှ နောက်ဆုံးထား၍ ပို့ရမည့်အချိန်တို့ကို တစ်ခါတည်း ချုပ်ဆိုရကြောင်း မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးခိုင်ဦးကပြောသည်။

“ပေါက်ဈေးတစ်ခုနှင့် ချုပ်တာပေါ့။ ဥပမာ စပါးဘယ်လောက်ကို ဘယ်ဈေးပဲဖြစ်ဖြစ် ဒီဈေးနှင့် ဝယ်ပေးမယ်ဆိုပြီး ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ဝယ်ပေးတာရှိတယ်” ဟု၎င်းကဆိုသည်။

သို့သော်လည်း သတ်မှတ်ဈေးအတိုင်း ဝယ်ယူခြင်းရှိသကဲ့သို့ စပါးပေါ်ချိန်တွင် ပေါက်ဈေးအရ ဈေးနှုန်းပြောင်းလဲဝယ်ယူခြင်းလည်းရှိကြောင်း၊ စာချုပ်မှာ ပုံသေမရှိဘဲ တောင်သူနှင့် လုပ်ငန်းရှင်ပေါ်မူတည်၍ အမျိုးမျိုးကွဲပြားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ကျိုးတူလယ်ယာစနစ် ဖော်ဆောင်နေသော်လည်း မွန်ပြည်နယ်တွင် လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

စန္ဒာဉာဏ်

Leave a Reply