Advertisements

မော်လမြိုင်၊ ဇွန် ၁၈

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးစပ်နေသော မြစ်ကိုးခုတွင် သံလွင်မြစ်ပါဝင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုရုံးက ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထိုမြစ်များတွင် ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်နှင့် လေးတန်မြစ်တို့ ပါဝင်နေသည်။

မိုးလေဝသအခြေအနေနှင့် မြစ်ရေအခြေအနေကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးတိုင်းတာ မှုများ ပြုလုပ်နေကြောင်း မွန်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဌေးက ပြောသည်။

“စိုးရိမ်ရေမှတ်ရောက်နေတာက လေးမြို့မြစ်ပါ၊ သံလွင်မြစ်ကတော့ ရောက်ဖို့နီးစပ်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်၊ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး၊ ကျွန်တော်တို့လည်း အချိန်နဲ့ အညီ တိုင်းတာစစ်ဆေးနေတာမို့ မစိုးရိမ်ပါနဲ့”ဟု ၎င်းကပြောသည်။

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်နိုင်ကာ လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီ မိုင် (၄ဝ) နှုန်းဖြင့် တိုက်ခတ်နိိုင်ပြီး လှိုင်းအမြင့်မှာ ၁ဝ ပေမှ ၁၃ ပေထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခန့်မှန်းချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပြီး မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply