ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရန် လုပ်ကိုင်ခွင့် တင်ဒါရရှိသည့် လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)မှ မူဝါဒရေးရာအရာရှိ ဦးဝင်းဇော်က ပြောသည်။

“တနင်္သာရီတိုင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အထူး ချေးပေးမှာ၊ တင်ဒါလုပ်ငန်း ဘာ အလုပ်မဆို ချေးတယ်”ဟု ၎င်းက ဆိုသည်။

ချေးငွေ ထုတ်ချေးပေးထားမည့် ကာလမှာ လုပ်ငန်း တည်ဆောက်ချိန်ကာလ ဖြစ်ကြောင်း၊ ချေးငွေ ရယူလိုက အာမခံပစ္စည်း ထားရှိရန် မလိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ ချေးငွေကို ပြင်ပမှ ရယူမည်ဆိုပါက တစ်လလျှင် အတိုးနှုန်း ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း ရှိပြီး တစ်နှစ်လျှင် ၂၄ ရာ ခိုင်နှုန်းမှ ၃၆ရာခိုင်နှုန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခြားဘဏ်များတွင် တစ်နှစ်လျှင် ၁၃ရာခိုင်နှုန်းဖြင့် ချေးပေးနေရာမှ CHID BANK က ၁၁ရာခိုင်နှုန်းဖြင့်သာ ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ဆို၏။

အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သူများသည် အစိုးရနှင့် သဘောတူ စာချုပ်အရ လုပ်ငန်း၏ ၂၅ရာခိုင်နှုန်း ပြီးစီးချိန်တွင် လည်းကောင်း၊ လုပ်ငန်း၏ ၅၀ရာခိုင်နှုန်း ၊ ၇၅ရာခိုင်နှုန်း၊ ရာနှုန်းပြည့် စသဖြင့် ပြီးစီးချိန်အသီးသီးတွင်လည်းကောင်း ငွေထုတ်ယူနိုင်ကြောင်း သိရသည်။

ယင်းဘဏ်အနေဖြင့် လုပ်ငန်း၏ ၁၀ရာခိုင်နှုန်း တည်ဆောက်ပြီးစီးလျှင်၂၅ရာခိုင်နှုန်း ချေးပေးမည်ဖြစ်ကြောင်း သိရပြီး လုပ်ငန်း ၂၅ရာခိုင်နှုန်း ပြီးစီးချိန်တွင်လည်း ချေးငွေကို ပြန်လည် မရယူသေးဘဲ ဒုတိယအသုတ်နှင့် တတိယအသုတ် ချေးပြီးချိန်မှသာ ဘဏ်သို့ အကျေအလည် ဆပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချသော တိုက်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် အိမ်တန်းဖိုး၏ ၃၀ရာခိုင်နှုန်းကို အာမခံပေးပြီးလျှင် ၇၀ရာခိုင်နှုန်းကို ယင်းဘဏ်က ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ချေးငွေကာလမှာ ၁၅ နှစ်ဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာအတွက် အတိုးနှုန်းမှာ ၁၀ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း ထပ်မံ သိရသည်။
အဆိုပါ အိမ်ရာချေးငွေ ရယူမည်ဆိုလျှင် CHID BANK တွင် အိမ်ရာစုဆောင်းငွေစာရင်း အကောင့် ဖွင့်လှစ်ရမည့်အပြင် မိသားစု လစဉ်ဝင်ငွေအတွက် တင်ပြရမည့် အထောက်အထားများ၊ အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာအကြီးအကဲ ထောက်ခံချက်၊ အငြိမ်းစားဆိုလျှင် ပင်စင်လစာငွေ၊ ပင်စင်စာအုပ် မိတ္တူရှိရမည်ဖြစ်ကြောင်း ယင်းဘဏ်က ကြေညာထားသည်။

နိုင်ငံအဝှမ်းတွင် ယခုအချိန်အထိ ရုံးချုပ်အပါအဝင် CHID BANK ဘဏ်ခွဲပေါင်း၁၃ ခု ဖွင့်လှစ်ထားပြီး ထားဝယ်ဘဏ်ခွဲကို ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

တင့်လွင်

Leave a Reply