မွန်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ပြုလုပ်ရာတွင် စီပွားရေးလုပ်ငန်းရှင်များ မြေကြိုတင်ဝယ်ယူထားသည့် ဒေသတွင်စီမံကိန်းများ ပြုလုပ်မည်မဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

economic-zone-copy

လက်ရှိအချိန်တွင် မွန်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရန်မြေနေရာများ ရွေးချယ်နေပြီး နိုင်ငံခြားစီးပွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနေလျက်ရှိသည်။

မွန်ပြည်နယ်အတွင်း ဟိုတယ်စီမံကိန်းများ၊ အိမ်ယာစီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ လုပ်ဆောင်ရန်လုပ်ဆောင်ရန်လည်း အစီအစဉ်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

ထိုသို့စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု သတင်းများထွက်ပေါ်နေသည့် ဒေသများတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက မြေနေရာများကို ဝယ်ယူကာ မြေဈေးကစားမှုများ ဖြစ်ပေါ် နေကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည် ။

“မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်တော့ အကုန်လုပ်မှာဘဲ၊ စီမံကိန်းတွေလုပ်ဖို့လည်း စီစဉ်နေတာတွေရှိပါတယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး၊ ဘယ်စီမံကိန်းတွေလုပ်မလည်းဆို၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ မြေတွေဝယ်ထားတဲ့နေရာတွေမှာတော့ ကျွန်တော်လုပ်မှာမဟုတ်ဘူး”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး မင်းမင်းဦးက ဆိုသည်။

မွန်ပြည်နယ်တွင် စီးပွားရေးအခွင့်အလမ်းများ ကောင်းမွန်လာစေရန်နှင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလည်ပတ် သွားလာနိုင်ရန်အတွက် ဂေဟစနစ် အခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမင်းမင်းဦးက ပြောသည်။

ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်လေ့လာ ဖူးမျှော်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမိုများပြားလာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များသို့ ပိုမို သွားရောက်လည်ပတ်နိုင်စေရန် အဆိုပါအစီအစဉ်ကို အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

ကျိုက်ထိုမှ မော်လမြိုင်မြို့သို့လာရောက်လျှင် လေးနာရီမျှကြာမြင့်ပြီး နိုင်ငံခြားသားများ သွားလာရာတွင် အချိန်ကြန့်ကြာမှုများရှိနေပြီး လှည့်ပြန်သွားကြသည့်အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကျိုက်ထိုမှ မော်လမြိုင်မြို့သို့ သွားသော လမ်းများကောင်းမွန်လာပါက အချိန် ၁နာရီခွဲသာ ကြာမြင့်တော့မည်ဖြစ်ပြီး ခရီးသွားများအနေဖြင့် ပိုမိုမြန်ဆန်စွာ လာရောက်လည်ပတ်နိုင်ပြီး ခရီးသွားလုပ်ငန်းများတိုးတက် လာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ရေးမြို့နယ်ရှိ ကဗျာဝကမ်းခြေကိုလည်း သွားရောက်ကြည့်ရှုထားပြီး စီးပွားရေးလုပ်ငန်းရှင်များ ဆောက်လုပ်ထားသော အဆောက်အဦးများရှိနေပြီး သွားရောက်လည်ပတ်ရာတွင် အလှမ်းဝေးသော်လည်း သာယာလှပသောနေရာတစ်နေရာ ဖြစ်ကြောင်း ဦးမင်းမင်းဦးက ပြောသည်။

အလားတူ ခရီးသွားများ လာရောက်အလည်အပတ်များသောနေရာဖြစ်သည့် ကျိုက္ခမီကမ်းခြေနှင့် စက်စဲကမ်းခြေများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်အတွက်စဉ်းစားနေကြောင်း ၎င်းက ဆိုသည်။

Leave a Reply