“အခုခေတ်ကျတော့ ဝတ်စားဆင်ယင်မှုကြောင့်လားလို့ ကျွန်မတို့ ပြန်ကြည့်တဲ့အခါကျတော့ ကိုးနှစ်ကလေးတွေ သုံးနှစ်ကျော်ကျော် ကလေးတွေ ငါးနှစ်ကလေးတွေ ဒီကလေးတွေက အလှအပကို ပြင်ဆင်ဖို့ မတတ်မြောက် သေးဘူး။ ဒီအရွယ်က ကလေးတွေ တော်တော်များများ အကြမ်းဖက်ခံနေရတယ်။ ဒါဆိုလို့ရှိရင် ဝတ်စားဆင်ယင်မှုနဲ့ လုံဝမဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်”

ဟင်္သာ ။    ။ လက်ရှိအစိုးရမှာ အမျိုးသမီးကဏ္ဍတွေ ဘာတွေများ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိလဲ။
အေးမိဇံ ။    ။ လက်ရှိအစိုးရမှာ ကျွန်မတို့ အမျိုးသမီး သီးသန့်ရယ်လို့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ သိပ်တော့မရှိဘူး။ ဒါပေမယ့် တစ်ခုကတော့ ကျွန်မတို့က အရင်အစိုးရနဲ့ အခုအစိုးရ ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းက ပိုများလာတာကို ကျွန်မတို့ တွေ့ရတယ်။ သို့ပေမယ့်လည်း ကျွန်မတို့ အမျိုးသမီးရဲ့ ပါဝင်မှုနှုန်း များပေမယ့်လည်း အမျိုးသမီးတွေအတွက်ကို ကျွန်မတို့ ဘယ်လို ပံ့ပိုးပေးရမလဲဆိုတာ ဒီ Techincal အပိုင်းကို အားနည်းနေတာကို ကျွန်မတို့ သတိထားမိတာ ရှိတယ်။ အထူးသဖြင့်တော့ ဒီလွှတ်တော်မှာ ရောက်သွားတဲ့အမျိုးသမီးတွေ သူတို့ကို ဘယ်လိုပံ့ပိုးပေးရမလဲ။

ဟင်္သာ ။    ။ လွှတ်တော်မှာ ရှိနေတဲ့ အမျိုးသမီးတွေကို ဆရာမအနေနဲ့ ဘယ်လိုမျိုးဖြစ်စေချင်လဲ။
အေးမိဇံ ။    ။ မဲနိုင်ပြီး လွှတ်တော်ထဲမှာ ရောက်သွားတဲ့ အမျိုးသမီးတွေက သူတို့အတွက် Techincal အပိုင်းတွေကို ပြန် Train ဖို့သင့်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ အမျိုးသမီးတွေ အိမ်ထဲမှာပဲ အချိန်တွေ ကုန်ခဲ့ရတယ်။ အမျိုးသားနဲ့ ယှဉ်လာတဲ့ အခါကျတော့ သူတို့တွေ ဘယ်လိုမှ လိုက်မနိုင်ဘူး။ ဒါကြောင့် သူတို့ အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို သူတို့အတွက်ကို သီးသန့်မြှင့်တင်ပေးစေချင်တယ်။

ဟင်္သာ ။    ။ ဒီမိုကရေစီအစိုးရ ပထမ ၅ နှစ် သက်သမ်းမှာ အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက် ဖြေရှင်းပေးနိုင်ခဲ့လဲ။
အေးမိဇံ ။    ။ ဖြေရှင်းပေးခဲ့တာ ကျွန်မတို့ ပြောရမယ်ဆိုရင် အရင်တုန်းက ဆိုလို့ရှိရင် ပြဿနာတွေ ရုံးရောက်ဖို့က တအားများခဲ့တာကို အဲဒါကျွန်မ သတိထားမိခဲ့တယ်။ ဒီဘက်ခေတ်ရောက်တော့ ရုံးရောက်တော့ ရောက်တယ်။ ဒါပေမယ့် တစ်နှစ်နဲ့ တစ်နှစ် ပြဿနာတွေက ဥပမာဆိုလို့ရှိရင် မုဒိန်မှုတွေက ပိုပြီး များများ လာတာကို ကျွန်မတို့ တွေ့ရတယ်။ အဲဒီကမှ လူသားများလို့ ပြဿနာတွေက များလာသလားဆိုတာ ကျွန်မတို့က သေသေချာချာ မပြောနိုင်ပေမယ့် သေချာတစ်ခုက ကျွန်မတို့ ပြောနိုင်တာ တစ်ကတော့ ပြဿနာတွေက ဒီထက်များနေတယ်။ အခုဆိုလို့ရှိရင် အစိုးရအနေနဲ့ ဖြေရှင်းပေးသွားတဲ့ ကိစ္စတွေလည်း ရှိသလို မဖြေရှင်းရသေးတဲ့ ကိစ္စတွေလည်း အများကြီးရှိနေသေးတယ်။
ဘာကြောင့် ကျွန်မဒီလို ပြောလဲဆိုတော့ ဒီအကြမ်းဖက်မှုထဲမှာ ကျွန်မကိုယ်၌ကလည်းပဲ အကြမ်းဖက် ခံနေရတဲ့ အမျိုးသမီးတွေ ကလေးငယ်တွေကို ကျွန်မကူညီရင်းနဲ့ မတရားမှုတွေကို ကျွန်မအများကြီး ကြုံတွေ့နေရတယ်။ တစ်ခါတစ်လေ ကျွန်မစဉ်းစားမိတယ်။ ဒီအကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်တွေ သူတို့ အကြိမ်ပေါင်းများစွာ အကြမ်းဖက် ခံနေရတာကို ကျွန်မတို့ သိတယ်။ သူတို့က ပထမဆုံးအနေနဲ့က သူတို့ကို သူတို့ အကြမ်းဖက် ခံရတယ်။ နောက်ပြီး ရဲတို့၊ တရားရုံးတို့၊ ဌာနဆိုင်ရာပေါ့နော်၊ အဲဒါတွေလည်း အကြမ်းဖက်ခံနေရတာတွေ ရှိတယ်။ ဘယ်လောက်ထိ ဖြေရှင်းပေးနိုင်ခဲ့လဲဆိုတာကို ကျွန်မအနေနဲ့ ပြောဖို့ သေသေချာချာ မသိနိုင်ဘူး။ ဆိုလိုချင်တာက အမျိုးသမီး အကြမ်းဖက်ခံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့ ကိုင်တွယ်ဖြေရှင်းပေးနေတာ မထိရောက်သေးဘူးလို့ ကျွန်မမြင်တယ်။

ဟင်္သာ ။    ။ အမျိုးသမီးအကြမ်းဖက်မှုကိစ္စနဲ့ ပတ်သက်ပြီးတော့  လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ဆရာမ ဘယ်လိုမြင်လဲ။
အေးမိဇံ ။    ။ ကျွန်မတို့က အခုလက်ရှိအစိုးရမှာကျတော့ ပြဿနာကိုက ကျွန်မစိတ်အထင် အမျိုးသမီးတွေကို သီးသန့်ကာကွယ်ထားတဲ့ ဥပဒေကို မရှိတာ အဲဒါက ပြဿနာပဲလို့ ကျွန်မထင်တယ်။ ဥပမာ-အမျိုးသမီးငယ် တစ်ယောက်က မုဒိန်းကျင့်ခံရတယ်။ ဘယ်ပုဒ်မနဲ့ သွားလဲဆိုတော့ ၃၇၆ ပဲ။ ကလေးငယ်တွေ ကိုလည်း အဲဒီအတိုင်းပဲ သွားကြတယ်။ ဒါက အမျိုးသမီးတွေအတွက် တကယ့်သီးသန့် အမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေမရှိဘူးလို့ ကျွန်မခံစားရတယ်။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရက ထိထိရောက်ရောက် ဖြေရှင်းပေးဖို့က မလွယ်သေးဘူး။

ဟင်္သာ ။    ။ အမျိုးသမီးအကြမ်းဖက်မှုတွေ လျှော့နည်းသွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။
အေးမိဇံ ။    ။ အမျိုးသမီးအကြမ်းဖက်မှုတွေ လျှော့နည်းသွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုရင်တော့ အကောင်းဆုံးကတော့ တရားဥပဒေ စိုးမိုးမှုပါပဲ။ ကျွန်မတို့က တရားဥပဒေ စိုးမိုးမှုရှိဖို့က အရမ်းအရေးကြီးတယ်။ နောက်ပြီး အမျိုးသမီးတွေက ဒါတွေကို မဝတ်ရဘူး။ ဒါတွေကို ဝတ်ရမယ်၊ ဒါတွေကို ဝတ်လို့ အကြမ်းဖက်မှုတွေ များလာလို့ ကျွန်မတို့ ထုတ်ဖော်ပြောနေရမယ့်အစား လူတစ်ယောက်ကို ကိုယ်က အကြမ်းဖက်လိုက်ပြီး ဆိုရင်တော့ သူ့ရဲ့ပြစ်မှုပြစ်ဒဏ်တွေက ဘယ်လောက်ရှိလဲ။ ဒီချမှတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်အတိုင်းကို တကယ်ရော အပြစ်ပေးနေပြီးလာပေါ့နော်။ ဒါကြောင့် တရားဥပဒေစိုးမိုးမှုရှိဖို့က အရမ်းလိုအပ်တယ်။

ဟင်္သာ ။    ။ ဦးသိန်းစိန်အစိုးရတုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်တဲ့နေရာမှာ အမျိုးသမီးပါဝင်မှု အားနည်းတယ်လို့ မြင်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ။
အေးမိဇံ ။    ။ ကျွန်မတို့ အမျိုးသမီးတွေ ပါဝင်လာဖို့ လိုအပ်တာက ကျွန်မတို့ အမျိုးသမီးတွေကို လက်တွဲခေါ်ဆောင်ပေးဖို့ပဲ။ ဒါပေမယ့် ကျွန်မတို့ ဒီဘော်လစီမှာ ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေ ပါဝင်ဖို့အတွက်က ဘယ်ရာထူး ဘယ်နေရာမှာရှိမှသာလျှင် ပါဝင်ခွင့်ရှိမယ်ဆိုတဲ့နေရာမှာ ကျွန်မတို့ နိုင်ငံမှာ ရှိလား။ ဒါပေမယ့် ကျွန်မတို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသမီးတော်တော်များများဟာ တကယ့်ရာထူးကြီးကြီးနေရာမှာ မရှိဘူး။ ရာထူးကြီးကြီးနေရာမှာ မရှိတော့ ကျွန်မတို့ အမျိုးသမီးတွေပါဝင်ဖို့က အရမ်းကို ကြိုးစားရတယ်။ ကျွန်မတို့ အမျိုးသမီးတွေပါဝင်ဖို့က ဘော်လစီအရ ဘယ်နှစ်ရာခိုင်နှုန်းရှိလဲ။ ဥပမာဆိုရင် ကျွန်မတို့ တောင်းဆိုရင်တော့ ၃၀ ရာခိုင်နှုန်း တောင်းဆိုနေတဲ့အရာကို အစီအစဉ်တစ်ခုလုပ်တော့မယ်ဆိုရင်တော့ ဥပမာ-ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲလုပ်လုပ် ဘယ်ကဏ္ဍကိုမဆို ကျွန်မတို့ စလုပ်ပြီးဆိုလို့ရှိရင် အမျိုးသမီးတွေ ဘယ်လိုပါဝင်ရမလဲဆိုတာ စဉ်းစားဖို့ အရမ်းကိုလိုအပ်တယ်။ ဘယ်နေ ဘယ်လုပ်ငန်းမဆို အမျိုးသမီးတွေပါဝင်လာဖို့က ချမှတ်ပေးထားတဲ့မူဝါဒတွေကလည်း လိုအပ်တယ်။

ဟင်္သာ။        ။ ဦးသိန်းစိန်အစိုးရတုန်းက ရေးဆွဲခဲ့တဲ့ဥပဒေတွေက အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ အကာအကွယ်ပေးနိုင်လဲ။
အေးမိဇံ။    ။ ကျွန်မတို့နိုင်ငံက ၁၉၉၇ မှာ နိုင်ငံတကာဇီတော်စာချုပ်ကို ကျွန်မတို့နိုင်ငံက လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒါကို အများအားဖြင့်တော့ အကောင်အထည်ဖော်ဖို့က ကျွန်မတို့မှာ မရှိခဲ့ဘူး။ ကျွန်မပြောချင်တာကတော့ အကောင်အထည်ဖော်ဖို့က ကျွန်မတို့မှာ အရမ်းကို အားနည်းခဲ့တယ်။ ဇီတော်စာချုပ်မှာဆိုလို့ရှိရင် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမပြုရဘူးဆိုတဲ့ ပထမအပိုဒ်မှာ ပြောထားတယ်။ ပြီးတော့ ကျွန်မတို့ အမျိုးသမီတွေမှာ ဒီခေါင်ဆောင်အသီးသီးက အမျိုးသမီးတွေကို လက်တွဲခေါ်ဆောင်ပေးဖို့ ဒါပေမယ့် သိနေလျက်သားနဲ့ ဒီဦးသိန်းစိန်အစိုးရတုန်းကပေါ့နော် မျိုးစောင့်ဥပဒေဆိုတာ ထွက်လာတဲ့အခါကျတော့ ဒါက ဇီတော်စာချုပ်နဲ့ အပ်စပ်မှုမရှိဘူးလို့ ကျွန်မတို့ ခံစားရတယ်။ မျိုးစောင့်ဥပဒေထဲမှာ ဆိုလို့ရှိရင် လူဦးရေးထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ နောက်တစ်ခုကျတော့ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးအထူးထိမ်းမြှားခြင်းဆိုင်ရာဥပဒေ၊ပြီးတော့ တစ်မလင်းတစ်မယားစနစ်တို့ ဒီဥပဒေတွေက ကျွန်မတို့ အမျိုးသမီးတွေအတွက် တစ်ဖက်စွန်းကို ရောက်သွားတယ်။ မျိုးစောင့်ရတဲ့အလုပ်သည် အမျိုးသမီးတွေပဲလားဆိုတာ ကျွန်မတို့ မေးခွန်းထုတ်စရာတွေဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြှားခြင်းဆိုင်ရာ ဥပဒေဆိုတာက ကျွန်မတို့ အမျိုးသမီးတွေပဲလား ဒီအမျိုးကို စောင့်ရတာ ကျွန်မပြောချင်တာက ဒါက ကျွန်မတို့ အမျိုးသမီးကို ခွဲခြားဆက်ဆံတာပဲလို့ ကျွန်မထင်တယ်။ ကျွန်မအနေနဲ့ ဒီအမျိုးသမီးအရေးကို လှုပ်ရှားနေတယ်ဆိုလို့ရှိရင် ကျွန်မက ဒါကို လုံဝကန့်ကွက်တယ်။ ကြိုက်လဲ မကြိုက်ဘူး။

ဟင်္သာ။        ။ အမျိုးသမီးတွေ လုံခြုံရေးအတွက် ဘာတွေလုပ်ဆောင်ပေးသင့်လဲ။
အေးမိဇံ။    ။ ကျွန်မတို့ ပြီးခဲ့တဲ့နှစ်တုန်းကဆိုလို့ရှိရင် ဆိုင်းဘုတ်တွေထွက်လာခဲ့တာလေ မုဒိန်းမှုကြိုတင်ကာကွယ်ရေး ဆိုတဲ့ဆိုင်းဘုတ်တွေ။ ဒီလိုဆိုင်းဘုတ်မျိုးက နိုင်ငံတော်က ထုတ်တယ်။ ဒါက အမျိုးသမီးတွေ ကန့်ကွက်ကျတော့ အဲဒီဆိုင်းဘုတ်တွေ ပြန်သိမ်းလိုက်တယ်။ အမျိုးသမီးတွေအတွက် လုံခြုံဖို့က ကျွန်မတို့က ဆိုင်းဘုတ်အလာတူပဲ အမျိုးသမီးတစ်ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်း ဘာညာ မုဒိန်းကျင့်ကအစ ဒီလိုကျူးလွန်လိုက်ပြီးဆိုလို့ရှိရင် ထောင်ဘယ်နှစ်နှစ်ကျမလဲ။ ဘာအပြစ်များပေးဖို့ရှိလဲ။ ဒီဆိုင်းဘုတ်နေရာမှာ တင်ထားဖို့ လိုအပ်တယ်။ အခုပြောနေကြတာရှိတယ် ပိုက်ဆံရှိရင် တရားမျှတမှုက ဝယ်ယူလို့ရတယ်။ တခါတလေ ကျွန်မတောင်စဉ်းစားမိတယ်။ ဒီမိုကရေစီခေတ်မှာ ဝယ်ယူနေရဆဲလားဆိုတာ ကျွန်မအနေနဲ့ မေးခွန်းဖြစ်တယ်။ အရင်တုန်းကလည်း ကျွန်မတို့ ကြုံခဲ့ဖူးတာရှိတယ်။ အခုလည်း ဒီမိုကရေစီခေတ်မှာလည်း ပြည်သူ့အသံကအရေးကြီးတယ်ဆိုတော့ တရားမျှတမှုက ဝယ်ယူနေဆဲပဲလားပေါ့နော်။ ဒါကို အမြဲတမ်းတွေးနေမိတယ်။ အမျိုးသမီးတွေလုံခြုံဖို့အတွက် အမျိုးသမီးတွေအတွက် တိတိကျကျ ဥပဒေတစ်ခု ပြဌာန်းပေးဖို့လိုအပ်တယ်။

ဟင်္သာ။        ။ လက်ရှိအချိန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အချိန်မှာ အမျိုးသမီးကဏ္ဍတွေ ဖော်ဆောင်ပေးနေတာတွေ ဘာတွေရှိလဲ။
အေးမိဇံ။    ။ ဒေါ်စုလို့ မေးလာပြီးဆိုတော့ ဒေါ်စုကိုယ်၌ကလည်း အမျိုးသမီးသီးသန့်လို့ ပြောတာ ကျွန်မတို့ မကြားမိသေးဘူး။ ကျွန်မအနေနဲ့ လုံဝမကြားမိသေးဘူး။ ဒါပေမယ့် ကျွန်မအနေနဲ့ သတင်းလက်လှမ်းမမှီတာလည်း ဖြစ်ချင်ဖြစ်လိမ့်တယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ မကြားမိသေးဘူး။ ကျွန်မကြားမိတာက ရဲမေတွေကို များများမွေးထုတ်ပေးဖို့ပါပဲ။ အစိုးရနဲ့ အမျိုးသမီးတွေကြားမှာတော့ ဘာမှ မကြားမိသေးဘူး။

ဟင်္သာ။        ။ ဒီဘက်ခေတ်ရောက်လာတော့ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ ပြောကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာမအမြင်လေး သုံးသပ်ပေးပါလာ။
အေးမိဇံ။    ။  ကျွန်မတို့ ဒီခေတ်မှာ ဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသမီးဝတ်စားဆင်ယင်မှုတွေ ပြောင်လဲလာတယ်။ ဒါပေမယ့် ကျွန်မက အဝတ်အစားကြောင့်လို့ အကြမ်းဖက်မှုပိုများရတယ်လို့ ဆိုတဲ့စကားလုံးကိုတော့ ကျွန်မလက်မခံနိုင်ဘူး။ ကျွန်မတို့ကို ဒီလိုဝတ်ပါ၊ ဒီလိုနေပါ၊ ဒီလိုစားပါလို့ ပြောနေရမယ့်အစား ကျွန်မတို့ကို အကြမ်းဖက်လိုက်ပြီးဆိုလို့ရှိရင် ဘယ်လိုပြစ်ဒဏ်တွေရှိလဲဆိုတဲ့ ဒါကို ကြေငြာလိုက်လိ့ုရှိရင် ဒါကို ပိုပြီးတော့ ထိရောက်မှုရှိတယ်လို့ ကျွန်မမြင်တယ်။ ရှေးရိုးစဉ်ဆက်အဘိုးအဖွားတွေက သုံးလာကြတဲ့ အမျိုးသမီးဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဣနြေ္ဒရှိရှိနဲ့ နေလာခဲ့ကြတာ ဒါကို ကျွန်မတို့ပြန်စဉ်းစားရမှာက အမျိုးသမီးတွေက အရင်တုန်းက စတုံးနဲ့ ရင်ပုံအကျႌတွေဝတ်လာတယ်။ အဲဒီတုန်းကလည်း မုဒိန်းမှုမရှိဘူးလားလို့ ကျွန်မတို့ ပြန်လေ့လာရင်တော့ သူတို့ခေတ်မှာလည်း မုဒိန်းမှုရှိခဲ့တယ်။ အခုခေတ်ကျတော့ ဝတ်စားဆင်ယင်မှုကြောင့်လားလို့ ကျွန်မတို့ ပြန်ကြည့်တဲ့အခါကျတော့ ကိုးနှစ်ကလေးတွေ သုံးနှစ်ကျော်ကျော်ကလေးတွေ ငါးနှစ်ကလေးတွေ ဒီကလေးတွေက အလှအပကို ပြင်ဆင်ဖို့ မတတ်မြောက်သေးဘူး။ ဒီအရွယ်က ကလေးတွေ တော်တော်များများ အကြမ်းဖက်ခံနေရတယ်။ ဒါဆိုလို့ရှိရင် ဝတ်စားဆင်ယင်မှုနဲ့ လုံဝမဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်။

ဟင်္သာ။        ။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှ အကြမ်းဖက်မှုဖြစ်နိုင်လဲဆိုတာကို ဆရာမ ရှင်းပြပေးပါလား။
အေးမိဇံ။    ။ အကြမ်းဖက်မှုဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြီးတော့ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတယ်။ ပြီးတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အွန်းလိုင်းမှာလည်း ရှိတယ်။ အကြမ်းဖက်မှုကလည်း ခေတ်နဲ့အညီပေါ့နော် ခေတ်တွေက တိုးတက်လာတာနဲ့ အကြမ်းဖက်မှုက ပိုပြီးတော့ များလာတယ်။ စိတ်ပိုင်းဆိုင်ရာဆိုလို့ရှိရင် အမျိုးသမီးတွေကို မသိမသာလေးနဲ့ အပြင်ပန်နဲ့ကြည့်မယ်ဆိုလို့ရှိရင် ဒီအမျိုးသမီးက တကယ့်ကိုပျော်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ခြိမ်းခြောက်ခံနေရတာတို့ ဘာတို့ဆိုရင် အမြဲတမ်းစိတ်ဆင်းရဲနေရမယ်ဆိုရင် ဒါက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီးကို ကိုယ်ထိလက်ရောက်ရိုက်နှက်တာတို့ ဆိုလို့ရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တယ်။ ဒီရုပ်ပိုင်းအကြမ်းဖက်မှုကတော့ အိမ်တွင်းမှာ ဖြစ်တာ ပိုများတယ်။ စီးပွားရေးအကြမ်းဖက်မှုဆိုတာက အမျိုးသားတွေနဲ့ တန်တူလုပ်အားခမရတာတို့ စီးပွားရေးအကြမ်းဖက်မှုဖြစ်တယ်။ လိင်ပိုင်းဆိုင်ရာကျတော့ လိမ်လည်မှုတွေ တအားများတယ်။ မုဒိန်းမှုတွေလည်း တအားများတယ်။ အဲဒါတွေလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရပါတယ်။ နောက်ပြီးတော့ အွန်းလိုင်းပေါ်မှာ အမျိုးသမီးတွေ တော်တော်များများခံနေရတဲ့ ကိုယ်နဲ့ အရမ်းချစ်ပြီးတော့ တွဲလာခဲ့တယ်။ အွန်းလိုင်းပေါ်မှာ ခြိမ်းခြောက်ခံနေရတာတို့ သဘောဆန္ဒမပါပဲ ဓာတ်ပုံတွေ တင်ခံရတာတို့ ဘာတို့ အများကြီးရှိတယ်။

ဟင်္သာ။        ။ ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြောချင်လဲ။
အေးမိဇံ။    ။ ကျွန်မအနေနဲ့ ဘာများဖြည့်စွက်ပြောချင်လဲဆိုရင် အကြမ်းဖက်မှုတွေ တအားများလာတဲ့အခါကျတော့  ကျွန်မအနေနဲ့ ဒီကနေတစ်ဆင့်တောင်းဆိုချင်တယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ကာကွယ်ပေးဖို့က ဥပဒေတွေ အရင်က ရှိပြီးသားဆိုရင် ပြန်သုံးသပ်ပေးပါ၊ ပြန်ကြည့်ပေးပါ၊ ပြန်လည်ပြင်ဆင်ပေးပါ၊ တကယ်လို့များ အဲဒီဥပဒေတွေ မရှိသေးဘူးဆိုရင် တကယ့်ကိုလိုအပ်နေတဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ပေးဖို့ ဥပဒေတစ်ရပ်ကို သတ်မှတ်ပေးဖို့ ကျွန်မတောင်းဆိုချင်တယ်။ အကြမ်းဖက်မှုကို ကာကွယ်ပေးဖို့က အရမ်းကိုလိုအပ်နေတယ်။ ဒါကြောင့် ကျွန်မတောင်းဆိုချင်တယ်။
Written by – ရွှေရိုး

Leave a Reply