ရန်ကုန် ၊ ဇန်နဝါရီ၂

ကြည့်မြင်တိုင် စံပြငါးစျေးမှ နေ့စဉ်အလုပ်သမားများဘောင်ချာငွေ ၈၀၀ ကျပ် ပေးဆောင်ခြင်းဖြင့် ပြေလည်မှုရရှိခဲ့ကြောင်း စံပြငါးစျေးမှ ငါးတောင်းထမ်းသည့်အလုပ်သမားများထံမှ သိရသည်။

15826426_691905650988720_1655496472982358047_n

စံပြငါးစျေးမှ အလုပ်သမားများသည် ယခင်က နေ့စဉ်ဘောင်ချာငွေ(၆၀၀)ကျပ် ပေးဆောင်နေရာမှ ယခုလ ၁ ရက်နေ့မှ စတင်၍ (၁၀၀၀)ကျပ်ပေးဆောင်ရန် ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲက သတ်မှတ်လိုက်သောကြောင့် ယမန်နေ့က အလုပ်သမားများ နှင့် ဝန်ထမ်းများအကြား ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

“သူတို့ကတော့ နိုင်ငံတော်ဘတ်ဂျက်လိုအပ်နေတယ်ပေါ့ အစစအရာရာ နိုင်ငံတော်ဘတ်ဂျက်လိုတာ ကျွန်တော်တို့ ပုခုံးပေါ်ကလာနှိုက်တယ်လေ။ ကျွန်တော်တို့ခံယူထားတာက ကျွန်တော်တို့ပုခုံးပေါ်ကနှိုက်လို့ ဘယ်လောက်ရမှာလဲ။ ကျွန်တော်တို့က ကိုယ်လုပ်ကိုယ်စား နိ်ုင်ငံတော်ရဲ့လစာစားနေတာမဟုတ်ဘူး နိုင်ငံတော်ကိုအခွန်ပေးသွင်းရတယ်” ဟု စံပြငါးစျေးအလုပ်သမားတစ်ဦးဖြစ်သူ ဦးရွှေအောင်ကပြောသည်။

စံပြငါးစျေးတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဂိုဏ်းလေးဂိုဏ်းရှိပြီး ယနေ့တွင် ဂိုဏ်းနှစ်ဂိုဏ်းက ညှိုနှိုင်းနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျန်နှစ်ဂိုဏ်းထပ်မံညှိုနှိုင်းမည်ဖြစ်ကြောင်း စံပြငါးစျေးမှ အလုပ်သမားများထံမှသိရသည်။

“ဒီနေ့ဆွေးနွေးတာက ရုန်းရင်းဆန်ခတ်တွေဘာတွေမဖြစ်သွားပါဘူး။ နည်းနည်းတော့ စကားပြောလိုက်ရတယ်။ နောက်ဆုံး(၈၀၀)နဲ့ ပြေလည်သွားတယ်။ အလုပ်သမားတွေလည်း ကျေနပ်ကြပါတယ်” ဟု စံပြငါးစျေးမှ အလုပ်သမားတစ်ဦးဖြစ်သူ ကိုစိုးထွန်းကပြောသည်။

စံပြငါးစျေးတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားပေါင်း(၅၀၀)ကျော်ရှိကြောင်း စံပြငါးစျေးအလုပ်သမားများထံမှသိရသည်။ စံပြငါးစျေးမှငါးတောင်းထမ်းသည့်အလုပ်သမားများသည် နေ့စဉ်ဝင်ငွေ ၅ဝဝဝကျပ်မှ ၁၅ဝဝဝကျပ်အထိ ဝင်ငွေရရှိကြောင်းသိရသည်။
ဆုမင်းကို

Leave a Reply