မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်ရှိ ဘုန်းတော်ကြီး ဝိသေသာရာမဇေယျသီရိ ကျောင်းတိုက်အတွင်း တာယာအပါ အဝင် စွန့်ပစ်ပစ္စည်များဖြင့်အကောင်အထည်ဖော်ထားသော ကလေးကစားကွင်းလေး တစ်ခုပေါ်ပေါက်လာသည်။

ကစားကွင်းဟုဆိုသော်ငြားလည်း အခြားပန်းခြံများနှင့်မတူ ကစားစရာပစ္စည်များမှာ ကားတာယာကွင်းများနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ အကောင်အထည်ဖော်ထားခြင်းဖြစ်သည်။
ယင်းကစားကွင်းကို Play 360 Project စီမံကိန်းဖြင့် အကောင်အထည်ဖော်ထားခြင်းဖြစ်ပြီး မေလ ၅ ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စွန့်ပစ်ပစ္စည်များဖြင့် မော်လမြိုင်မြို့တွင် ကစားကွင်းတည်ဆောက်ရန် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသုံးကျောင်းကို ဆန်ကာတင်ရွေးချယ်ခဲ့သည်။သို့သော်လည်း အခြားနေရာများမှာ ရေလွှမ်းနိုင်သည့် အနေအထားရှိသောကြောင့် ဝိသေသာရာမဇေယျသီရိ ကျောင်းတိုက်အတွင်း အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ မြို့အစွန်နည်းနည်းကျခြင်းနှင့် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ၏ အခြေအနေ များကလည်း ဝိသေသာရာမဇေယျသီရိ ကျောင်းတိုက်ကိုရွေးချယ်ခဲ့ရခြင်း၏ အကြောင်းအရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်ဟု ကစားကွင်းတည်ဆောက်ပေးခဲ့သူများကဆိုသည်။

“ကျောင်းသူကျောင်းသားတွေရဲ့ မိသားစုအနေအထားကလည်း ကလေးတွေ စိတ်အပန်းဖြေဖို့အတွက် ဖန်တီးပေးဖို့ အခက်ခဲနေတဲ့အနေအထားမှာရှိတယ်လေ အဲဒါကြောင့် ကျွန်မတို့က အဲကျောင်းကို ရွေးဖြစ်တယ်” Play 360 Project ဖြင့် စွန့်ပစ်ပစ္စည်းကစားကွင်းများကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သူ ဒေါ်ရီရီချို ဆိုသည်။

ကစားကွင်းဖောင်ဒေးရှင်းအတွက် ဘိလပ်မြေကွန်ကရစ်လောင်းထားပြီး သုတ်ဆေးဖြင့်လိမ်းခြယ်ထားသော ကားတာယာများကို အဓိက အသုံးပြုထားကာ သစ်သားဖြင့် ဒီဇိုင်းအလှထွင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ကားတာယာအလုံး ၇ဝ ကျော်နှင့် ဆိုင်ကယ်တာယာက အလုံး ၂ဝ လောက်ကုန်ပြီး ဆောက်လုပ်ခ ကျပ် ခြောက်သိန်းခန့်ကုန်ကျခဲ့ပြီး ကစားကွင်းတစ်ခုလုံးစာအတွက်မူ စုစုပေါင်း ကျပ် ရှစ်သိန်းခန့်သာ ကုန်ကျခဲ့ ကြောင်း ကစားကွင်းတည်ဆောက်ထားသူများထံမှ သိရသည်။

ဧရိယာအားဖြင့် ပေခြောက်ဆယ်ပတ်လည်သာရှိသော အဆိုပါကစားကွင်းအတွင်း ကာယဖွံ့ဖြိုးမှု အတွက် သာမက ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးခြင်းကို အထောက်အကူပေးမည့် ကစားနည်းများပါ ဆော့ကစား နိုင်မည်ဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောကြားသည်။

ပုံမှန်အဆင့်မြင့် ပန်းခြံများတွင် ဆော့ကစားနိုင်မည့် ဒန်း နှင့် စီးဆောစီးခြင်းများအပြင် တာယာကွင်းနှင့် ဂဏာန်းသင်္ချာကစားကွင်းတို့ကစားခြင်းများနှင့် မြေကြီးထဲတွင် တစ်ဝက်မြုပ်ထားသော တာယာကွင်းတွင် အင်္ဂလိပ်စကားလုံးရေးထားပြီး ဆော့ကစားနိုင်မည့် Tyre Landscape ကစားနည်းများပါဝင်သည်။

“တစ်ယောက်ချင်းလည်းဆော့လို့ရတယ် ၊ အစုလိုက်ဆော့လို့ရတယ် ကျွန်မတို့လုပ်ထားတဲ့ ကစားကွင်းတွေ ထဲမှာ အင်္ဂလိပ်အက္ခရာတွေ ဥပမာ ဆရာမတို့က ကလေးတွေကို ဦးဆောင်ပြီးတော့ A စီကိုပြေး B စီကိုပြေးပါဆိုပြီးတော့ အုပ်စုအလိုက်ဆော့လို့ရတယ်”ဟု ဒေါ်ရီရီချိုက ရှင်းပြသည်။

ထိုမျှမကသေး အခက်အခဲကျော်လွှားရသည့်ကစားနည်းများဖြစ်သော Bamboo Bridge ခေါ် ဝါးလုံးတံတားရဲ့ ဘေးမှာ ကြိုးတန်းသွယ်ထားပြီး ဝါးလုံးပေါ်တွင်လမ်းလျှောက်ရသည့်နည်းများ၊ တောင်တက်သကဲ့သို့ တာယာကွင်း များကို ကျော်ဖြတ်နိုင်မည့် ကစားနည်းများဆော့နိုင်မည့်နည်းများနှင့် လှိုင်ခေါင်းကစား နည်းများလည်းပါဝင်သေးသည်။

“ဝါးလုံးတံတားက နည်းနည်းလှုပ်နေတယ် ဝါးလုံးပေါ်မှာလျှောက်ရတယ် ဘေးမှာ ကြိုးတန်းလေးနဲ့ ထားထား တယ်။ ရည်ရွယ်တာက ကလေးတွေ အခက်အခဲကို ကျော်ဖြတ်တတ်တဲ့အလေ့အကျင့်ရအောင်ပါ အဲလိုလဲ ဖန်းတီးထားတယ်”ဟု အမေရိကန်နိုင်ငံမှ ကစားနည်းပညာများကို ယူဆောင်လာခဲ့သည်ဆိုသော ၎င်းက ရှင်းပြပြောဆိုသည်။

ထိုသို့ ကစားနည်းများကို ကလေးငယ်များဆော့ကစားခြင်းကြောင့် ပညာရေးနှင့်ပတ်သက်၍ ပိုမိုပျော်ရွှင် လာနိုင်ပြီး ကျောင်းစာသင်ကြားမှုအပိုင်းတွင် အထောက်အကူဖြစ်မည်ဟု ကစားကွင်းအကောင် အထည်ဖော်ထားသူများက ဆိုကြသည်။

ယင်းအပြင် စိတ်ပိုင်းဆိုင်ရာအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်သည့် အလေ့အကျင့်များ၊ တစ်ဦးအပေါ်တစ်ဦး လေးစားတဲ့စိတ်ဓာတ်များကို ပျိုးထောင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ ဆိုထားကြသည်။

ထိုသို့ နည်းစနစ်ဆန်းဆန်းကစားနည်းများပါဝင်သော်လည်း ကစားကွင်းကို အခြားသူများက ရပ်ကွက်များတွင် အကောင်အထည်ဖော်ခြင်ပါက လိုက်လံဆောင်ရွက်ပေးမည်ဟု Play 360 Project အဖွဲ့ထံမှသိရသည်။

“တကယ်လို့ တခြားရပ်ကွက်တွေ တခြားကျောင်းတွေ ဒီလိုမျိုးကစားကွင်းလုပ်ချင်လို့ရှိရင် ကျွန်မတို့ဆီ ဆက်သွယ်လို့ရတယ်။လိုတဲ့ပစ္စည်းတွေကို သေချာပြောပြပေးပြီး ပစ္စည်းတွေစုဆောင်းပေးပြီး ကျွန်မတို့ သွားလုပ်ပေးမယ်” ဟု ဆရာမ ဒေါ်ရီရီချိုက ဆိုလေသည်။

( ကစားကွင်းအကောင်အထည်ဖော်လိုပါက ဆက်သွယ်ရန်ဖုန်းနံပါတ်- ဒေါ်ရီရီချိုဝ၉၄၂၅၂၉၈၁၃၄ ။ထက်ဝေလင်း- ဝ၉၇၈၂၂၄၂၁၆၇ )

Leave a Reply