ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။ ။ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ဖိနှိပ်လာသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ-၆၆(ဃ)ကို အများပြည်သူ လူထုအ ခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၏သဘောဆန္ဒကိုခံယူ၍ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည် သုံးသပ်ပြင် ဆင်ပါရန် စာပေအဖွဲ့အစည်းတစ်ခုဖြစ်သည့် Pen Myanmar က တောင်းဆိုလိုက်သည်။

pen-copy-copy

နိ်ုင်ငံသားအချင်းချင်းအကြား တစ်ပါးသူကို ချက်ချင်းအကျဉ်းကျစေရန် ရည်ရွယ်ပြီးလက်နက်သဖွယ် အသုံးပြုသောဥပဒေမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) ဖြစ်သောကြောင့် ယင်းဥပဒေကို ပြင်ဆင်ပေးရန် Pen Myanmar က နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

အလားတူ Pen Myanmar အဖွဲ့ဝင်လည်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီ း လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ် ကလည်း“၆၆(ဃ)က မပြည့်စုံတဲ့ဥပဒေတစ်ခုပေါ့။ အာမခံလည်းမရဘူး။ လူတစ်ယောက်က သူ့အကောင် ့ဟုတ်မဟုတ်တောင် မသေချာတဲ့ဟာကို အချိန်မရွေးအဖမ်းခံရမလိုဖြစ်နေတယ်။ အာမခံမရဘူး။ ဒီပုဒ်မကိုပြင်ရင်လည်းပြင် မပြင်ရင်လည်းပယ်ဖျက်ပေါ့” ဟု ထောက်ပြ ပြောဆိုသည်။

ထို့ပြင် သတင်းမီဒီယာသမားများအား အကာအကွယ်ပေးရန် နှင့် စာနယ်ဇင်းကျင့်ဝတ်ကို အတိအကျလေးစား လိုက်နာစေရန် ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများကို အကာအကွယ်ပေးနိုင်သော၊ လုံလောက်သည့်လုပ်ပိုင်ခွင့် အားနည်းနေသည့်အပြင် စာနယ်ဇင်းကျင့်ဝတ်ကို ပြဌာန်းထုတ်ပြန်ပေးထားသည့်တိုင် သတင်းမီဒီယာအချို့က လိုက်နာခြင်းမရှိသည်ကို ထောက်ရှုလျှင် သတင်းမီဒီယာကောင်စီ၏ သြဇာသည်လည်း အားနည်းနေသည်ဟု Pen Myanmar ကသုံးသပ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က“အစိုးရက ပြဌာန်းထားတဲ့ဥပဒေတွေအရ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိတာတွေရှိတယ်။ ဥပဒေတွေအားနည်းချက်တွေပေါ့။ အဲ့ဒါကို တစ်ချို့သတင်းသမားအချို့က နားမလည်လို့ အထင်လွဲတဲ့သဘောပါ။ ၆၆(ဃ)ကတော့ ပယ်ဖျက်သင့်တဲ့ဥပဒေတစ်ခုပါ။ အချိန်မရွေး ဖမ်းဆီးနိုင်တဲ့ ပုဒ်မလိုဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။

Pen Myanmar ၏ကြေညာချက်တွင် ယခင်အစိုးရလက်ထက် ဤဥပဒေပြဌာန်းသည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူပေါင်း(၇)ဦးအထိရှိပြီး (၅)ဦးမှာ ပြစ်ဒဏ်ချခြင်းခံရကြောင်း ဖော်ပြထားသည်။

ထိုပအပြင် ယခုအရပ်သားအစိုးရလက်ထက် ၂၀၁၆ ဧပြီလမှ ယနေ့နိုဝင်ဘာလအထိ(၇)လအတွင်း တရားစွဲဆိုမှုပေါင်း (၂၉)မှုတွင် စွပ်စွဲခံရသူများမှာ သာမန်ဖေ့ဘွတ်ခ်သုံးစွဲသူများသာမက လူ့ရပိုင်ခွင့်ရေးတက်ကြွလှုပ်ရှားသူများ နှင့် မီဒီယာသမားများလည်းပါဝင်ကြောင်း ဖော်ပြထားသည်။

Written by – ဆုမင်းကို

Leave a Reply