Advertisements

ချောင်းဆုံ ၊ ဒီဇင်ဘာ ၁၁

ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ် ငွေ ကျပ်သိန်း ၂၀၀ ကျော် ခန့်မှန်းထားကြောင်း ပွဲဖြစ်မြောက်ရေးအဖွဲ့မှတစ်ဆင့် သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့မွန်လူငယ်တွေအပြင် ထိုင်းနိုင်ငံကမွန်တွေကိုလည်းတရားဝင် ဖိတ်ခေါ်ထားတယ်။ မွန်လူ ငယ်နေ့ကျင်းပနိုင်ဖို့အတွက် ကုန်ကျငွေ သိန်း ၂၀၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ် ။ အခမ်းအနားလုပ်ဖို့ ကြိုတင် စုဆောင်းထားတဲ့ရန်ပုံငွေကလည်းမရှိဘူး ။အခမ်းအနားလုပ်ဖို့လက်ခံခဲ့တာလည်း နောက်ကျတယ်ဆို တော့အခက်အခဲတော့ရှိတယ် ။အခုစုဆောင်းတာ သိန်း ၁၀၀ ကျော်ရနေပြီ ။ထိုင်း ၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာအလုပ်သွားလုပ်နေတဲ့ ဒေသခံတွေကိုလည်းအလှူခံထားတယ် ။သိန်း ၂၀၀ လောက် တော့တဖြည်းဖြည်းနဲ့ ပြည့်သွားနိုင်မယ်လို့ ထင်ပါတယ်”ဟု မွန်လူငယ်နေ့ဖြစ်မြောက်ရေးအဖွဲ့မှ ဦးကိုကြီးက ပြောသည်။

တစ်နိုင်ငံလုံးမှာပြန့်နှံ့ရောက်ရှိနေကြသည့် မွန်လူငယ်များခင်မင်ရင်းနှီးလာစေရန် တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရန် တစ်နှစ်တစ်ကြိမ်မွန်လူငယ်များဆုံရပ်အဖြစ် မွန်လူငယ် နေ့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းဘိုးနက်ကျေးရွာဇေယျဝံသဆရာတော် အရှင်ဝရဝံသ က မိန့်ကြားသည်။

“အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့ညပိုင်းကနေ ၂၈ ရက်နေ့ညပိုင်းအထိ ၂ ညနဲ့ ၁ ရက် ကျင်းပသွားဖို့ရှိ တယ် အခမ်းအနားမှာ ဘင်ခရာတပ်ဖွဲ့နဲ့ဂုဏ်ပြုချီးမြှင့်မယ် ပညာရှင်တွေနဲ့ ဆရာတော်ကြီးတွေရဲ့သြဝါဒခံ ယူမယ် လူငယ်တွေကို စကားရည်လုပွဲ ၊ ကျပန်းစကားပြောပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်တယ်”ဟု ဇေယျဝံသ ဆရာတော်မှ မိန့်ကြားသည်။

အဆိုပါအခမ်းအနားတွင် မူးယစ်ဆေးဝါး အသိပညာပေးပြခန်း ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ပြခန်း ၊ ဒေသထွက်ကုန်ပြခန်း ၊ စက်မှုလက်မှုလုပ်ငန်းပြခန်းနှင့် လူငယ်များသိရှိမေးမြန်းလိုသည်များကို ပညာ ရှင်များကပြန်လည်ဖြေကြားပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

အခမ်းအနားမှာ ထူးခြားမှုအနေဖြင့် ဘီလူးကျွန်းသမိုင်း နှင့် ဒဏ္ဍာရီ ပုံပြင်ဖြစ်သည့်လင်းယုန်လူသားပုံပြင်ကို ခမ်းနားထည်ဝါစွာ ပုံဖော်ထားသည့် အစီအစဉ်များလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်လူငယ်နေ့အခမ်းအနားများကိုပထမအကြိမ်မှ ပဉ္စမအကြိမ်အထိ ကြာအင်းဆိပ်ကြီး ၊ ရေး ၊ မုဒုံ၊ ကော့က ရိတ်၊ သံဖြူဇရပ် မြို့နယ်တို့တွင်ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းလည်း မွန်လူငယ်နေ့ကျင်းပရေးအဖွဲ့မှ သိရသည်။

written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply