Advertisements

ချောင်းဆုံ၊ အောက်တိုဘာ

ချောင်းဆုံမြို့နယ်၌ ဆန်စပါးရောင်းဝယ်ရာတွင် တင်းတောင်းဖြင့် ခြင်တွယ်ရောင်းဝယ်နေသောစနစ်သာရှိနေသေး၍ တိကျသောကတ္တားများဖြင့် ချိန်တွယ် ရောင်းဝယ်သောစနစ်ကို ယခုနှစ်မိုးစပါးပေါ်ချိန်မှစတင် ပြောင်းလဲရန် ဒေသခံတို့လိုလားနေကြသည်။

“စပါးရောင်းဝယ်ရာမှာ တင်းတောင်းအစား ကတ္တားနဲ့ရောင်းဝယ်တဲ့စနစ်ကိုပြောင်းလဲနိုင်ဖို့ ဆန်စပါးရောင်းဝယ် ကြီးကြပ်မှုကော်မတီကို မြို့နယ်နဲ့ ကျေးရွာတွေမှာ ဖွဲ့စည်းထားပြီးဖြစ်သော်လည်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် မိုးစပါးပေါ်ချိန်မှာစတင်အကောင်အထည်ဖော်သင့်တယ်”ဟု မြို့မိမြို့ဖ ဦးညွန့်ဝင်းက အကြံပြုသည်။

ဒေသတွင်ဆန်စပါးရောင်းဝယ်ရာ၌ ၁၇ ပြည်တင်းတောင်းမှ ပြည်၂၀ တင်းတောင်းအထိရှိပြီး တင်းတောင်းအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းရောင်းဝယ်နေ၍ အရောင်းအဝယ် တိကျသေချာမှုမရှိခြင်းအတွက် လယ်သမားများနစ်နာမှု မဖြစ်စေလိုကြောင်း ၎င်းက ပြောသည်။

“ရွာမှာဆန်စပါးရောင်းဝယ်ကြီးကြပ်ရေးကော်မတီဖွဲ့ထားတာကြာပြီ။ အရောင်းအဝယ်နဲ့ပတ်သက်ပြီး ဘာမှ လုပ်ပေးနိုင်ခြင်းမရှိသေးဘူး။ လယ်သမားတွေက လယ်လုပ်လည်း ဒုက္ခဖြစ် ဆန်စပါးရောင်းဝယ်ရင်လည်း တိကျသေချာတဲ့အခြင်အတွယ်တွေမဟုတ်တော့ နစ်နာမှုတွေရှိတယ်။ ကြွေးမြီဆပ်ဖို့ရောင်းဝယ်ပြန်လည် း ဈေးနှိမ်ခံရတယ်”ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းတွင်လယ်ယာလုပ်ကိုင်သော ဦးသိန်းလွင်က ကောက်ချက်ချသည်။

မိုးရက်ရှည်ရွာသွန်းနေ၍ မိုးစပါးရိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယခုနှစ်တွင်စပါးဈေးနှုန်းမြင့်တက်ခဲ့၍ ကောက်သစ်ပေါ်ချိန်တွင် ယခင်နှစ်ထက် ဆန်စပါးဈေးနှုန်းမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ကမာမိုကျေးရွာမှ ဦးဉာဏ်ဝင်းက ပြောသည်။

ခြင်တွယ်မှုစနစ် တိကျမှန်ကန်ရေးအတွက် စံအလေးများပြုလုပ်ထားပြီးဖြစ်ရာ လယ်သမားများ ဆန်စပါး ရောင်းဝယ်ရာ၌ နစ်နာမည် ဟု ယူဆပါက သက်ဆိုင်ရာရောင်းဝယ် ကြီးကြပ်ရေး ကော်မတီများနှင့်ဆက်သွယ် ရောင်းဝယ်ကြရန်အသိပေးထားပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရ သည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

 

Advertisements
<

Leave a Reply