(Photo- Kyaw Aung)

၂၆ မေ ၂၀၁၉

စစ်ရေးလုံခြုံရေးအရဟုဆိုကာမြန်မာ့တပ်မတော်က ပလက်ဝမြို့နယ်တွင် အကန့်အသတ်ဖြင့်သာ ဆန်သယ်ယူခွင့်ပြုသည့်အတွက် ဒေသခံပြည်သူများ ဆန်အခက်အခဲကြုံနေကြရပြီး အထူးသဖြင့် ကျေးရွာအုပ်စုများတွင် ပိုမိုခက်ခဲနေကြသည်ဟုသိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်စုအတွက် ဆန်အိတ် (၅၀) နှုန်းဖြင့်သာ တပ်မတော်က သယ်ယူခွင့်ပြုသည့်အတွက် ပြန်လည်ခွဲဝေရာတွင် မည်သို့မျှ လောက်ငှမှုမရှိဘဲ ဆန်ပြတ်လပ်သည့်အခြေအနေဖြစ်နေသည်ဟု ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာအုပ်ချူပ်ရေးမှူး ဦးဟွေ့လော့ကပြောသည်။

“ဒီတပ်မကခွင့်ပြုချက်နဲ့ ကျွန်တော်တို့သွားတယ်။ ပြီးတော့ ထွေအုပ်ရုံးဖြတ်တယ် ။ ထွေအုပ်ရုံးက ခွင့်ပြုထားတဲ့အတိုင်း ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေဝယ်လာတယ် ။ ကျွန်တော်တို့ ထွေအုပ်ရုံးက ခွင့်ပြုထားတဲ့အတိုင်း ဝေခွဲပေးတယ် ။ ကျွန်တော်တို့မှာ အုပ်စုတစ်စုအတွက် ကျေးရွာ ငါးရွာဆိုရင် အဲဒီ အုပ်စုတစ်စုအတွက် ဆန်က အိတ် ၅၀ ပဲခွင့်ပြုထားတယ် ဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှ စားလို့မလောက်ဘူး။ လူဦးရေနဲ့မမျှဘူး၊ ဒီဆန်အိတ် ၅၀ လောက်နဲ့ကတော့ လုံးဝမလောက်ဘူးလေ ။ အဲလိုဖြစ်နေတာ ။ ဆန်ကပြတ်တာ” ဟု ဦးဟွေ့လော့ကပြောသည်။

မီးဇာကျေးရွာအုပ်စုသည် ကျေးရွာ ငါးရွာရှိပြီး အိမ်ခြေ ခြောက်ရာကျော်နှင့် လူဦးရေ နှစ်ထောင် ကျော်ရှိသည်။
မီးဇာကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့အုပ်စုအတွက်တော့ ဆန်အိတ် (၇၀) သယ်ယူခွင့်ပြုသည်ဟု အုပ်ချူပ်ရေးမှူးကပြောသည်။

“တစ်ခါတင်ရင် အိတ် (၅၀) ပဲတင်ခွင့်ပြုတယ် ။ ကျွန်တော်တို့မီးဇာကျတော့ စစ်ဘေးရှောင်ပြည်သူတွေရှိလို့ အိတ် (၇၀) ခွင့်ပြုထားတယ် ။ ဒါပေမဲ့ ဆန်သယ်ဖို့သွားရင် ခွင့်ပြုချက်တောင်းတာနဲ့၊ ဘာတို့နဲ့ဆိုရင် ပလက်ဝမြို့မှာ တစ်ညအိပ်ရတယ် ။ နောက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ရောက်ရင်လည်း ကျောက်တော်က အုပ်ချုပ်ရေးမှူးဆီ ထောက်ခံစာယူရတယ် ။ အဲဒီလိုဆိုတော့ ခရီးက စက်လှေနဲ့သွားရင် တစ်ရက်နဲ့ရောက်နိုင်ပေမဲ့ ခွင့်ပြုချက်တောင်းတာတို့ရှိတော့ နှစ်ရက်ခရီးလိုဖြစ်နေတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးဟွေ့လောကပြောသည်။

ဆန်သယ်ယူခွင့်မကန့်သတ်မီက မီးဇာကျေးရွာအုပ်စုအတွက် ဆန်အိတ် (၄၀၀) ခန့် သယ်ယူလေ့ရှိသော်လည်း ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အတွက် ဒေသခံပြည်သူများအတွက် မည်သို့မျှ လောက်ငှမှုမရှိဟု သိရသည်။

မီးဇာကျေးရွာသားတစ်ဦးက “အရင်တုန်းကတော့ အုပ်စုဆန်ခွဲတန်းက မီးဇာအုပ်စုဆိုရင် တစ်လစာအတွက် အိတ် (၄၀၀) လောက်ရတယ်လေ အခု အိတ် (၇၀) လောက်ပဲရတယ်ဆိုတော့ ဘယ်လိုမှမလောက်နိုင်ဘူး” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှ ဆန်များကို အဓိကအားထားနေရပြီး ကျောက်တော်မှတဆင့် စက်လှေဖြင့် ပလက်ဝမြို့သို့ သယ်ဆောင်လေ့ရှိကြသည်။

သို့သော်လည်း ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) လှုပ်ရှားမှုများရှိနေသည့်အတွက် ရိက္ခာဖြတ်တောက်သည့်အနေဖြင့် မြန်မာ့တပ်မတော်က မေလဆန်းပိုင်းမှစ၍ ပလက်ဝသို့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်ရက်ပိုင်းမှစ၍ မြို့နယ်အုပ်ချူပ်ရေးမှူး၏ ထောက်ခံချက်နှင့် အကန့်အသတ်ဖြင့် ပြန်လည် သယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

By လားနွန်
ခိုနူမ်းသုန်သတင်း

Leave a Reply