Advertisements

ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ကြားသိလာရသည်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းများပင်။

ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ လူသိများ ထင်ရှားသူအချို့လည်း ယင်းခေါင်းစဉ်အောက်တွင် ပါဝင်လာသည်ကို တွေ့နေရသည်။ ယင်းအပြင် ရာနှင့်ချီသည့် အမှုများ၊ တရားခံများကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တို့ကိုလည်း ရက်ခြားဆိုသလို တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။

မကြာသေးမီ သြဂုတ် ၁၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် အမှုပေါင်း ၁၃၉ မှုကို ဖော်ထုတ်ကာ တရားခံ ၂၁၀ ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ထိုကိန်းဂဏန်းတို့သည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများကို ပြည်သူလူထုအနေဖြင့် တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ဖော်ပြောကြားပြီး တစ်လခွဲခန့်အကြာကာလအတွင်း ဖမ်းဆီးရမိမှုအခြေအနေလည်း ဖြစ်သည်။

မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို သမ္မတရုံးတွင် ဖွင့်လှစ်လိုက်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က အသိပေးကြေညာသည်။ ထိုနေ့ကစ၍ သြဂုတ် ၁၀ ရက်အထိ ဖမ်းဆီးရမိခဲ့သည့် အမှုနှင့် တရားခံအရေအတွက်ပင်။

ပြည်သူများ၏ တိုင်ကြားချက်အရ အရေးယူဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဝါးအမှုများမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့လည်း ပါဝင်သလို ရန်ကုန်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ကချင်၊ ရခိုင်တို့မှလည်း ပါဝင်နေသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေ၌ပင် ယင်းအမှုများရှိနေသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရှိနိုင်သည်။

ထိုသို့သော အခြေအနေများကို မြင်တွေ့ကြားသိနေစဉ်အတွင်း မော်လမြိုင်မြို့ပေါ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ နဝမတန်းကျောင်းသားတစ်ဦးကို မူးယစ်ဆေး သယ်ဆောင်လာသူနှင့် ဒွန်တွဲတွေ့ရှိရ၍ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် သတင်းကိုပြီးခဲ့သည့် ဇူလိုင်အတွင်းက ကြားသိခဲ့ရသည်။

တဖန် ယခုလဒုတိယပတ်အတွင်းမှာလည်း မြို့ပေါ်ရှိ အထက်တန်းကျောင်းနောက်တစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု သံသယရှိဖွယ် ကျောင်းသားတစ်ဦး တွေ့ရှိကြောင်း သတင်း ထွက်ပေါ်ပျံ့နှံခဲ့သည်မှာ လူမှုကွန်ရက်စာမျက်နှာထက်အထိပင်။

အဆိုပါသတင်းမမှန်ကန်ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းက မီဒီယာတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ကာ ရှင်းလင်းအသိပေးခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ မူးယစ်ဆေးဝါးသတင်းစကားတို့က မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက် ကျောင်းသား မိဘ၊ ဆွေမျိုး၊ အပေါင်းအသင်းတို့ကြား စိုးရိမ်ပူပန်မှုကို မီးကြွင်းတစ်စလို မွှေးထားရစ်သည်ကား အမှန်ပင်။ တစ်ဖက်တွင်လည်း ဆင်ခြင်တုံတရားနှင့် အသိ သတိကို လင်းတောက်စေရန် မီးတစ်ချက်ခတ်သည့်နှယ် ဖွင့်ပြလိုက်ခြင်းဟုယူဆရန် အကြောင်းရှိသည်။

ဆယ်ကျော်သက်အရွယ်သည် လူလားမြောက်စေသည့် အရေးပါအရာရောက်သော ဘဝ၏ ကားထစ်များကို နင်းလျှောက် ဖြတ်သန်းရမည့်အရွယ်ပင်။ စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်များ ရင်ဝယ်ပေါက်
ဖွားစအရွယ်ပင်။ စိတ်စေစားဆွဲငင်ရာနောက်သို့ အချိန်မရွေး ဒရွတ်တိုက် လိုက်ပါသွားနိုင်ခြေရှိသည့် စိတ်အတက်အကျ အပြောင်းအလဲမြန်နှုန်းမြင့် ကာလဟု ဆိုရပေမည်။

အနုတ်လက္ခဏာ စိတ်ခံစားချက်တို့ကို ကုစားဖြေဖျောက်ရာတွင် စိတ်ထွက်ပေါက် အရှာအဖွေ မလွဲသွေ မယွင်းမှားစေရေးကို အထူးဂရုပြု ထိန်းကျောင်းကြပ်မတ် သွန်သင်လမ်းပြရပေမည်။

ဆယ်ကျော်သက်နှင့် မူးယစ်ဆေး တွဲဖက်စပ်ယှက်မှု မရှိစေရေးမှာ မိဘအစ၊ ဆွေမျိုးဉာတကာ အလယ်၊ နိုင်ငံတော်အစိုးရ အဆုံး လူ့အသိုက်အဝန်းတစ်ရပ်လုံး၏ တာဝန်လည်း ဖြစ်သည်၊ ဝတ္တရားလည်း ဖြစ်သည်ကို မူးယစ်ဆေးသံ တညံညံကာလဝယ် ပိုမိုသတိမူ အလေးဂရုပြုနိုင်ပါစေကြောင်း ဟင်္သာက တိုက်တွန်းနှိုးဆော် ရေးသားအပ်ပေသည်။

အယ်ဒီတာ

Advertisements
<

Leave a Reply