ယခုအပတ်အတွက် ဟင်္သာမီဒီယာရဲ့ အနုပညာကဏ္ဍမှာတော့ မော်လမြိုင်သား သက်တမ်းရင့် ကာတွန်း ဆရာကြီး ဦးကြည်လွင်၏ လက်ရာများကို စုစည်းဖော်ပြထားတဲ့ ကာတွန်းစာအုပ် ကလေးကို စာဖတ်ပရိတ်များ အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
000000-copy
“ပျော်ဖို့ရွှင်ဖို့ ကာတွန်းဆွဲတယ်”ဆိုတဲ့ ကာတွန်းဆရာကြီး ဦးကြည်လွင်ရဲ့ လက်ရာတွေကို စုစည်းဖော်ပြထား တဲ့ စာအုပ်ကလေးကို မော်လမြိုင်ကာတွန်းဆရာများ၊ အနုပညာရှင်များနဲ့ ဆရာကြီးရဲ့မိသားစုဝင်တွေက စုပေါင်းထုတ်ဝေတာဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ချိထားတာပါ။

မော်လမြိုင်ကာတွန်းဆရာကြီး ဦးကြည်လွင်ဟာ ကာတွန်းရေးဆွဲသက်တမ်း အနှစ်ခြောက်ဆယ် ကျော်ကျော် ရှိတဲ့ သက်ရှိထင်ရှားကာတွန်းဆရာကြီးတစ်ဦးလည်းဖြစ်ပြီး ၁၉၆၂ ခုနှစ်ဝန်းကျင်လောက်မှာ ထင်ရှားခဲ့တဲ့ ကာတွန်းဆရာတွေမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ယခုထုတ်ဝေထားတဲ့စာအုပ်ထဲမှာလည်း ၁၉၆၀ ခုနှစ်ဝန်းကျင်ကစပြီး သတင်းစာ၊ဂျာနယ်များနှင့် မဂ္ဂဇင်းတွေမှာ သူရေးသားခဲ့တဲ့ လက်ရာတွေကို လေ့လာနိုင်မှာပါ။

ကာတွန်းဦးကြည်လွင်ဟာ ခေတ်အခြေအနေကို ထင်ဟပ်စေတဲ့ ကာတွန်းတွေကို ရေးသားခဲ့သူတစ်ဦး ဖြစ်တာကြောင့် ဒီစာအုပ်ထဲမှာ ၁၉၆၀ ပြည့်နှစ်ကျော်လွန်သည့်ကာလများက ပြည်သူလူထုစားဝတ်နေရေး အခြေအနေတွေကို ရေးဆွဲပုံဖော်ထားတာကို ဖတ်ရှုနိုင်မှာပါ။

ခေတ်ကာလရဲ့ အထုအထောင်းကို ခံခဲ့ရတဲ့ ကာတွန်းဆရာတစ်ဦးပီပီ သူရေးခဲ့တဲ့ ကာတွန်း တွေမှာ ပြည်သူလူထုအပေါ် အမြတ်ထုတ်သည့် နိုင်ငံရေးသမားအကြောင်းကို ထိထိမိမိသရော်ထားပုံတွေ၊ အုပ်ချုပ်မှုစနစ်လွဲချော်မှုကြောင့် မှောင်ခိုစနစ်ကြီးထွားလာပြီး အောက်ခြေလူထု အကြပ်အတည်းဖြစ်ရပုံတွေကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဖော်ထားတာကိုလည်း လေ့လာနိုင်မှာပါ။

ကာတွန်းငွေကြည်ကမူ ဆရာကြီး ဦးကြည်လွင်ရဲ့ ကာတွန်းလက်ရာ တွေဟာ ခေတ်ကို ထင်ဟပ်စေတာအပြင် မြန်မာဆန်ပြီး ချစ်စရာကောင်းတယ် လို့ စာအုပ်ရဲ့ အမှာစာမှာ ရေးသားထားပါတယ်။

“စိတ်ကူးထုတ်ပုံ၊တင်ဆက်ပုံတွေဟာ ကြမ်းကြမ်းကြီးမဟုတ်ဘဲ ညက်တယ်။ခေတ်ကို ထင်ဟပ်တယ်”လို့ လည်း ကာတွန်းငွေကြည်က ညွန်းဆိုထားပါတယ်။

ခေတ်ကို ထင်ဟပ်စေရာတွင်လည်း လူထု၏ စားဝတ်နေရေးအခြေအနေသာမက ကာတွန်း ဆရာမှာ နှစ်ကာလ အပြောင်းအလဲများအတွင်း လူငယ်များ၏ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာပုံ နှင့် မြန်မာ့ ဘောလုံးလောက ကျဆင်းလာပုံတွေကို ရေးဆွဲထားတဲ့ ကာတွန်းတွေလည်း ယခုစာအုပ်ထဲမှာ ဖော်ပြပါရှိပါတယ်။

စာအုပ်ကို စီစဉ်သူများတွင် ပါဝင်တဲ့ မော်လမြိုင်သားကာတွန်း CMM ကမူ သက်ကြီး ဝါရင့် ကာတွန်းဆရာကြီး ဦးကြည်လွင် မော်လမြိုင်မြို့တွင်ရှိခဲ့တာကပင် ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး စာအုပ်ထဲရှိ ကာတွန်းများမှ ဆရာကြီး၏ ဘဝခံယူချက်များကိုလည်း တီးမိခေါက်မိလိမ့်လို့ ရှင်းပြပါတယ်။

“မြို့တစ်မြို့မှာ ကာတွန်းဆရာဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲ့လိုရှားပါးတဲ့ ကာတွန်းဆရာတွေအကြား ခေတ်စနစ်ပေါင်းစုံကို မီခဲ့တဲ့ ကာတွန်းဆရာကြီးတစ်ယောက် မော်လမြိုင်မြို့မှာ ထွက်ပေါ်လာတာ ဂုဏ်ယူစရာပါ”လို့ ကာတွန်း CMM က ဆိုပါတယ်။

ဒါ့အပြင် ယခုထုတ်ဝေခဲ့တဲ့ ကာတွန်းစာအုပ်လေးက နောက်မျိုးဆက်သစ် ကာတွန်းလူငယ်တွေ အတွက် ကိုယ့်မြို့မှာ ဒီလိုကာတွန်းဆရာကြီးတစ်ယောက် ပေါ်ပေါက်ခဲ့ဖူးတာကို သိရှိစေဖို့ သက်သေအဖြစ် အမြဲတည်ရှိနေတော့မှာ ဖြစ်တယ်လို့ ကာတွန်း CMM က ပြောဆိုထားပါတယ်။

စာအုပ်ကို အသက် ၈၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာတွန်းဆရာကြီး ဦးကြည်လွင် သက်ရှိထင်ရှားရှိစဉ် အမှတ်တရအဖြစ် ထုတ်ဝေထားတာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို လည်း ဆရာကြီးရဲ့ကျန်းမာရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ စာအုပ်စီစဉ်သူများထံမှ သိရပါတယ်။

ထိုသို့ ရှေ့မီ၊နောက်မီ ကာတွန်းဆရာကြီးတစ်ဦး၏ လက်ရာများကို စုစုစည်းစည်းဖော်ပြထားတဲ့ စာအုပ်ကို မော်လမြိုင်မြို့က ကျော်ကျော်နှင့် မြလင်းအောင်အပါအဝင် စာအုပ်ဆိုင်တွေမှာ တစ်အုပ်ကို ၁၅၀ဝ ကျပ်နဲ့ဝယ် ယူနိုင်မှာဖြစ်တယ်လို့ ယခုအပတ်အတွက် ဟင်္သာမီဒီယာရဲ့ အနုပညာကဏ္ဍနေ စာဖတ်ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply