= = = = = = = = = = = = = = =

ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့မဟာကန်တော်ကြီးရေပြင်မှ နှစ်ပေါင်း ၃၀ကြာသည့်တိုင် ငုပ်လျှိုးခဲ့ရသည့် ရိုးရာလှေပြိုင်ပွဲဓလေ့ကို ယခုနှစ် ပြန်လည်ဖော်ထုတ်ခဲ့ရာ ဖွင့်လှစ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပသည်။

“ချောင်းဆုံကန်ကြီးမှာ လှေလှော်ပြိုင်ပွဲမကျင်းပနိုင်ခဲ့တာ ၂၆ နှစ်ရှိခဲ့ပြီ ။ အခုလို ပျောက် ကွယ်နေတဲ့ရိုးရာလှေပြိုင်ပွဲကိုပြန်လည်ကျင်းပနိုင်တဲ့အတွက်မြို့ခံတစ်ယောက်အနေနဲ့အတိုင်းမသိ ဝမ်းသာသလိုဒေသခံတွေကလည်းဝမ်းသာအားရနဲ့ပြိုင်ပွဲကိုအားပေးနေတာတွေ့ရတယ်” ဟု ဒေသခံမြို့မိမြို့ဖ ဦးခင်မောင်ဦးက ပြောသည်။

ပြိုင်ပွဲကို ဖွင့်ပွဲနေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခြင်း ဖြစ်သည်။

ကျွန်းပေါ်ရှိ ကျေးရွာအုပ်စု ၄၆ ခုနေ ရပ်ဝေးရပ်နီးမှ နယ်သူနယ်သားများ တစ်ခဲနက် လာရောက် စုဝေးအားပေးကြ၏။ အလားတူ လှေပြိုင်ပွဲတစ်ရပ်ကို မုရစ်ကလေးကျေးရွာ ဝယ်လမ်းကန်တွင် ပြီးခဲ့သည့်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သော်လည်း ဒေသခံတို့ကမူ ယခု ကန်တော်ကြီးရေပြင်မှ ပြိုင်ပွဲကို အားခဲ လာရောက်ခဲ့ကြသည်။

အသက်၆၀ ကျော်အရွယ် ဦးတင်သိန်းက “ချောင်းဆုံ ကန်ကြီးမှာ အသက် ၁၅ နှစ်ဝန်းကျင်ကတည်းကလှေလှော်ပြိုင်ပွဲကိုတွေ့ဖူးကြုံဖူးအား ပေးဖူးခဲ့တယ် ” ဟု လှေပြိုင်ပွဲ လာရောက်ရင်းပြောသည်။

လွန်ခဲ့သော နှစ်များစွာကို ပြန်ပြောင်းပြောပြသည့်အနေဖြင့် “စည်ကားချက်ကတော့ကန်ကြီးရှေ့ကလမ်းမှာကြိတ်ကြိတ်တိုးနေတဲ့အတွက်လူလျှောက်လို့ရရုံပဲရှိတယ် ။ လှေပြိုင်ပွဲနဲ့အတူညပိုင်းမှာဇာတ်ပွဲတွေလည်းပါဝင်ခဲ့တယ်” ဟု သူက ဆိုသည်။

လှေပြိုင်ပွဲကျင်းပရေးကော်မတီနာယက ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက “အရင်ကတည်းက ရိုးရာလှေပြိုင်ပွဲကျင်းပခဲ့ဖူးတယ်။ ဒေသမှာ တိမ်ကောပျောက်ကွယ်နေတဲ့ရိုးရာလှေလှော်ပြိုင်ပွဲကိုပြန်လည်ကျင်းပချင်တဲ့ဆန္ဒရှိတယ်”ဟု ဆိုသည်။

အကျယ်အဝန်း ဧက ၉၀ ကျော်အနက် ၅၃ ဧကကို ယမန်နှစ်က ပြန်လည်တူးဖော်ပြီးခဲ့ကြောင်း၊ ကျန်အပိုင်းကို လာမည့် ၂၀၁၉ -၂၀ ဘတ်ဂျက်မှာပြန်လည်တူးဖော်နိုင်ဖို့ လျာထားချက်ရှိကြောင်း သူမက ဖြည့်စွက်ပြောသည်။

ယခင်နှင့် ယခု နှစ်အစိတ်ကျော် ကာလကြာ ပြိုင်ပွဲနှစ်ရပ်ကို နှိုင်းယှဉ်လျက် “အခုပြိုင်ပွဲက ပေ ၁၅၀၀ ဝန်းကျင်ရှိတယ် ။ အရင်ကပြိုင်ပွဲတွေ နဲ့စာရင် ပေ ၃၀၀ လောက်တာကတိုနေတယ် ။ ကန်ကြီးပြန်လည်တူးဖော်ပြီးရင် အရင်ကအတိုင်း တာလွှတ်စေချင်တယ်”ဟု ဒေသခံ ဦးခင်မောင်ဦးက ဆန္ဒပြုသည်။

ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီကို အောက်တိုဘာ ၃ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေး မှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“ဆုကြေးအနေနဲ့ သုံးတက်လှေ ပထမဆု ကျပ်၅ သိန်းဒုတိယကျပ် ၃ သိန်း တတိယကျပ် ၂ သိန်း ၊ နှစ်တက်လှော် ပထမဆု ကျပ် ၃ သိန်း ၊ ဒုတိယဆု ကျပ် ၂ သိန်း ၊တတိယဆု ကျပ် ၁ သိန်း၊ တစ်တက်လှော် ပထမဆု ကျပ် ၂ သိန်း ၊ ဒုတိယဆု ကျပ် ၁ သိန်း ၊ တတိယဆုကျပ် ၇၀၀၀၀ အသီးသီးဆုချီးမြှင့်မယ်”ဟု လည်း သူက ပြောသည်။

ပြိုင်ပွဲဝင်အသင်းများမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်စုလိုက် အသင်းဖွဲ့ကာ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ စာရင်းပေးသွင်းမှုကို ပွဲမကျင်းပမီ တစ်ပတ်အလို အောက်တိုဘာ ၁၉ ရက်အထိ ကော်မတီက လက်ခံခဲ့သည်။

ပြိုင်ပွဲဝင်မုရစ်ကြီးကျေးရွာအသင်းမှ အသက် ၅၃ နှစ်အရွယ် လှေတော်သား ဦးငွေသိန်းက
“သုံးတက်လှော်ဝင်ပြိုင်ဖို့ရှိ တယ် ။ ကန်ကြီးမှာပြိုင်ပွဲမဝင်ခင် ၁၀ ကြိမ် ၁၅ ကြိမ်လောက်အစမ်းလေ့ကျင့်မှုတွေလုပ်ခဲ့တယ် ။ ပြိုင်ပွဲအတွေ့ အကြုံအနေနဲ့ ရှေးကကျင်းပခဲ့တဲ့ ချောင်းဆုံကန်ကြီးလှေပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးတယ် ။ အခုနှစ် မုရစ်ကလေးဝယ်လမ်းကန်မှာ ဝင်ပြိုင်တာ ဒုတိယဆုရခဲ့တယ် ။ မြို့နယ်ကိုယ်စားပြုအနေနဲ့မုဒုံမှာ တတိယဆုရခဲ့ တယ်”ဟု အခြားအရပ်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံကို ပြောသည်။

ပြိုင်ပွဲတွင် ၃ တက်လှော်၂၁ သင်း ၊ ၂ တက်လှော် ၁၄ သင်း ၊ ၁ တက်လှော် ၁၃ သင်းပါဝင်ယှဉ်ပြိုင်ရန်ရှိကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီကသိရသည်။

ပြိုင်ပွဲဝင်ကိုကျော်မင်းကလည်း “ကန်ကြီးမှာလှေပြိုင်ပွဲလုပ်တာဒါပထမဦးဆုံးတွေ့ကြုံဖူးတယ် ။တစ်ခါမှမပြိုင်ဖူးဘူး ။၁၀ ကြိမ်မကလေ့ကျင့်ထားတယ်” ဟု ပွဲမဝင်မီ အပြင်မှာ လေ့ကျင့်ခဲ့ပုံအပေါ် ပြန်ပြောပြသည်။

ကန်ကြီး၏ ဧရိယာ ဧက ၉၀ ကျော်တွင် ဧက ၅၀ ကျော်အတွက် ပြုပြင်ရေးလုပ်ငန်းကို ၂၀၁၇-၁၈ ခွင့်ပြု ဘတ်ဂျက်ငွေကျပ် ၄၈၅ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

“ကန်ကြီးရဲ့ တိမ်ကောနေတဲ့ဧက ၄၀ ဝန်းကျင်ကိုလည်းပြန်ပြီးတူးဖော်စေချင်တယ်”ဟု ဦးတင်သိန်းက အကြံပြုတိုက်တွန်းသည်။

ကျန်အပိုင်းကို လာမည့်နှစ်တွင် ဆက်လက်ပြုပြင်သွားရန်ရှိပြီး မုဒုံမောင်မောင်ကုမ္ပဏီက လုပ်ငန်းတင်ဒါရရှိထားကြောင်းမြို့နယ်ဆည်မြောင်းဦးစီးဌာနထံမှ ယခု ၂၀၁၈ ခုနှစ် ဇူလိုင်လထဲက သိရသည်။

လွတ်လပ်မောင် (ယက္ခမြေ)

Leave a Reply