Advertisements

ချောင်းဆုံ ၊ ဒီဇင်ဘာ ၁၄

ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာအုပ်စု၏ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ဆယ်အိမ်စုမှူးနှင့် ရာအိမ်စုမှူးများကို သုသာန်အရှေ့၌ မဏ္ဍပ်ထိုး၍ ရွေးချယ်ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အဘစ်ကျေးရွာအုပ်စုကို အဘစ်နှင့် နှီးမုတ်ကျေးရွာ နှစ်ရွာဖြင့် ဖွဲ့စည်းထားပြီး၊ ယင်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာခန်းမများတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် စီစဉ်မှုကို ဒေသခံများ လက်မခံသည့်အတွက်ကြောင့် ကျေးရွာ နှစ်ရွာကြားရှိ သုသာန်အရှေ့တွင် မဏ္ဍပ်ထိုး၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းအောင်ကျော်က ပြောသည်။

“ဒီရွာအပိုင်မှာလုပ်ရင် ဟိုရွာကမလာချင်ကြဘူး။ ဟိုရွာအပိုင်မှာ လုပ်ရင် ဒီရွာကမသွားချင်ကြဘူး။ ဒီကိစ္စတွေက အရင်ကတည်းက ရှိနေကျဖြစ်တယ်။ ဒါကြောင့် နှစ်ရွာကြားက အသင့်တော်ဆုံးနေရာမှာ အပြေလည်ဆုံးဖြစ်အောင် ရွေးချယ်ပြီး လုပ်ဆောင်ရခြင်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ယင်းကျေးရွာရှိ ဆယ်အိမ်စုမှူးနှင့် ရာအိမ်စုမှူးများကို ဒီဇင်ဘာ ၁၄ ရက်တွင် ယင်းသို့ သုသာန်အရှေ့၌ မဏ္ဍပ်ထိုး ရွေးချယ်ခဲ့ကြသည်။

“သုသာန်အနားမှာ လာလုပ်တော့ အများအမြင်လည်း မကောင်းဘူး၊ မသင့်တော်ဘူးလို့မြင်တယ်။ ရွာသားတွေကလည်း မလာချင်ကြဘူး ။ ရွာအတွက်နစ်နာမှာ စိုးလို့သာ လာနေရတယ်”ဟု အဘစ်ကျေးရွာမှ ဦးကျော်မြင့်က ဆိုသည်။

ထိုကဲ့သို့ ရွေးချယ်မှုသည် အမြင်မသင့်တော်သည့် အတွက်ကြောင့် နေရာ ပြောင်းရွှေ့လိုကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“ဒီနေရာမှာ လုပ်တာကို ကျေနပ်ပါတယ်။ ကျွန်တော်တို့ ကျေးရွာကလည်း လက်ခံပါတယ်”ဟု နှီးမုတ်ကျေးရွာမှ ဦးမောင်ကိုက ဆိုသည်။
ယခုအခါ သုသာန်အရှေ့၌ မဏ္ဍပ်ထိုး၍ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် စီစဉ်မှုကို နေရာပြောင်းရွှေ့ပေးရန်အတွက် အဘစ်ကျေးရွာ ဒေသခံ ၈၀ ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူးအား တင်ပြတောင်းဆိုထားကြောင်း အဘစ်ကျေးရွာမှ ဦးကရင်က ပြောဆိုသည်။

အဘစ်ကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၃၂၉ အိမ်ရှိပြီး၊ အိမ်ထောင်စုပေါင်း ၃၃၀ ကျော် နေထိုင်လျက်ရှိရာ အလားတူ ယခင်ကလည်း အုပ်ချုပ်ရေးမှူးများကို ကျေးရွာနှစ်ရွာ၏ သုသာန်ဇရပ်တွင် မဲပေး ရွေးချယ်ခဲ့ဖူးကြောင်း ဒေသခံများက ပြောဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply