ထားဝယ် ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီးနေ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၀၀သုံးစွဲရန် လျာထားကြောင်း သိရသည်။
ယင်းဘဏ္ဍာငွေဖြင့် ဆလုံလူမျိုးများအတွက် လှေနှင့်ဆန် အဓိက ဝယ်ပေးမည်ဖြစ်ပြီး စာပေနှင့်ယဉ်ကျေးမှုကဏ္ဍအတွက်လည်းအသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ပြောကြားသည်။
“အခုဘာမှ မလုပ်နိုင်သေးဘူး၊ မတ်လလောက်မှာ စတင် ပြီး အကောင်အထည်ဖော်ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
တိုင်းအတွင်း အခြေချနေထိုင်သည့် ထားဝယ်၊ မြိတ်၊ ဆလုံ စသော လူမျိုးများ အနက် ပထမဆုံးအနေဖြင့် ဆလုံများအတွက် သုံးစွဲရန် တိုင်းအစိုးရက ဘတ်ဂျက်ငွေလျာထားပေးခဲ့ခြင်းဖြစ်သည်။
ဆလုံလူမျိုးများ၏ဒြပ်မဲ့ယဉ်ကျေးမှုဖော်ထုတ်ရေးအတွက် ယင်းငွေအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏အသုံးစရိတ်အောက်မှ လျာထားသည်ဟုရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာအုပ်တွင်ရေးသားထားသည်။
ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ ဘာသာစကား၊ လူမှုဆက်ဆံရေး၊ဆက်သွယ်ရေးစနစ်၊ယုံကြည်ကိုးကွယ်မှု၊ဘာ သာစကား၊ ဓလေ့၊ ပွဲတော်များ၊ မိရိုးဖလာ သက်မွေး ဝမ်းကျောင်းပညာရပ်များ စသည်တို့ကို ဆိုလိုသည်ဟု သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆလုံလူမျိုးများ၏ ဒြပ်မဲ့ယဉ်ကျေးမှု၁၃ခုဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသား အဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ရာ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း – ယူနက်စ်စကိုက ထိန်းသိမ်းစောင့်ရှောက်ရန် ရွေးချယ် ထားသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ဒေသအတွင်း၌ ဆလုံလူမျိုးမှာ လူဦးရေ၁၈၀၀ခန့်ရှိသည်ဟု ဝန်ကြီးထံမှ သိရသည်။