Advertisements

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်ထွက် နေလှန်းဆားများ အော်ဒါ မှာယူမှုများပြားသည့်အပြင် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောသည်။

“အရင်နှစ်တွေထက် ဆားဈေးက တက်လာတော့ ပိတ်ထားတဲ့ ဆားကွင်းတွေတောင် ပြန်ပြီး လုပ်လာကြတယ်၊ ဆားဈေးကွက်ကတော့ ပြန်ကောင်းလာပါပြီ၊ ဆားကို ကြိုးကြိုးစားစားနဲ့ ထုတ်လုပ်မယ်ဆိုရင်တော့ အထွက်တိုးမယ်၊ ဈေးကောင်းမယ်”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

မန္တလေး အပါအဝင် ကရင်ပြည်နယ် ဘားအံတို့မှလည်း မှာယူမှုများရှိလာသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တိုးချဲ့ လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းသည်။

ယမန်နှစ်ပေါက်ဈေးမှာ ဆားကြမ်း တစ်ပိဿာ ၂၂ဝကျပ်၊ ဆားချော ၂၆ဝ ကျပ်သာရှိခဲ့ရာမှ ယခုနှစ်တွင် ဆားကြမ်း ၂၄ဝ ကျပ်၊ ဆားချော ၃ဝဝ ကျပ်ခန့်ထိ ပေါက်ဈေးရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်း ပျက်စီးမှုများ ရှိခဲ့သော်လည်း ဆားထွက်နှုန်းတိုးလာရန် ကြိုးစားဆောင်ရွက်ပါက လုပ်ငန်းရှင်များ ထိခိုက်မှုနည်းနိုင်ကြောင်းနှင့် ယခင်နှစ်က ဆားဈေးနှုန်း ကျဆင်းမှုကြောင့် ပိတ်သိမ်းထားခဲ့သော ဆားကွင်းများကို အသစ်မှ စတင်ကာ ပြန်လည်လုပ်ကိုင်ရန်အတွက် ပြင်ဆင်နေသူများလည်း လိုင်စင်လျှောက်ထားကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်တွင် ဆားတောင်သူ ၇၈ဦး လုပ်ကိုင်ခဲ့ကြသော်လည်း ယခုနှစ်အတွင်း ၈၆ဦး လုပ်ကိုင်လျှက်ရှိကြောင်း ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဆားဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့် လုပ်ငန်းရှင်၊ တောင်သူများ အဆင်ပြေသည့်အပြင် လုပ်ကိုင်ရာတွင်လည်း ပိုမိုအားစိုက်လာနိုင်ကြကြောင်း ဖြည့်စွက်ပြောသည်။

ဆားဈေးကွက် ဦးမော့လာသောကြောင့် ဆားကွင်းများကို ယခင်ထက်ဧက တိုးချဲ့ကာ လုပ်ကိုင်သွားရန်အတွက် ကြိုးစားနေကြောင်း ရေးမြို့နယ်၊ ပငကျေးရွာမှ ဆားလုပ်ငန်းရှင် ဦးကျော်လွင်က ပြောကြားသည်။

“အရင်တုန်းက ဆားဈေးကွက်က ပျက်မတတ်ပဲလေ၊ ဈေးလည်း မရ၊ လုပ်ကွက်ဧကတွေ လျော့ပြီး လုပ်နေကြရတယ်။ မနှစ်ကလည်း ဈေးမဆိုးဘူး၊ ဒီနှစ်ဆို ဈေးပိုကောင်းလာတယ်၊ လုပ်ကွက်တွေ ပိုပြီး တိုးဖို့ စိတ်ကူးထားတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ဆားကို ရေးမြို့နယ်၊ ကျိုက္ခမီ၊ သံဖြူဇရပ်တို့တွင် အဓိကထား လုပ်ကိုင်ကြပြီး ထွက်ရှိသော ဆားများကို မန္တလေးမြို့အပါအဝင် ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန် နှင့် ကရင်ပြည်နယ်ဈေးကွက်ထိ တင်ပို့ ရောင်းချနေကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply