Advertisements

မော်လမြိုင်၊ သြဂုတ် ၁၉

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်များကို ချေးငွေ ထုတ်ပေးရန် ပြည်နယ် SME Agency ထံ တင်ပြထားကြောင်း ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ထိုသို့ တင်ပြရာတွင် ဆားလုပ်ကွက် တစ်ဧကလျှင် ချေးငွေ ကျပ် ငါး သိန်း ထောက်ပံ့ရန် သြဂုတ် ပထမအပတ်က တင်ပြထားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။“ကျွန်တော်တို့ကတော့ တစ်ဧက ငါး သိန်းပေးဖို့ ပြောထားတယ်၊ SME Agency က ဘယ်လောက်ပေးမလဲတော့ မသိသေးဘူး”ဟု ဦးခင်စိုးက ဆိုသည်။

လုပ်ငန်းရှင်များ ချေးငွေ ရရှိရေးအတွက် SME Agency ဖွဲ့၍ အဖွဲ့၏ ထောက်ခံချက်ဖြင့် ချေးငွေဘဏ်များတွင် ထုတ်ချေးပေးရန် စီစဉ်ထားပြီး၊ မည်မျှ နှုန်းထားပေးမည့်ကိစ္စကိုမူ လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှု အခြေအနေအပေါ် မူတည်၍ သက်ဆိုင်ရာ ဘဏ်များက ချေးငွေ ထုတ်ပေးသွားမည်ဟု ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ထို့အပြင် ဆားလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် အရည်အသွေး မြှင့်တင်ရေးအတွက်လည်း နိုင်ငံခြားမှ ပညာရှင်များ ခေါ်ယူ၍ သင်တန်းပေးသွားမည်ကြောင်း ၎င်းက ပြောသည်။

ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံက အရည်အသွေး မြှင့်မားသည့် ဆားများကို ထုတ်လုပ်၍ ပြည်ပသို့ တင်သွင်း ရောင်းချနေသဖြင့် ပြည်တွင်း ဆား တောင်သူများအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

ဆားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်လည်း သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်တိုင်တိုင် မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်တွင်  မြန်မာ့ဆားလုပ်ငန်းကဏ္ဍ-မဟာဗျုဟာမြောက် ဈေးကွက်ဖော်ဆောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ထားသည်။

ထိုဆွေးနွေးပွဲတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဆားချောထုတ်နိုင်ရန်၊ ပြည်ပဆား သွင်းကုန် အစားထိုး လျှော့ချနိုင်ရန်၊ ဆားထုတ် နည်းပညာ ဖလှယ်ပြီး အဆင့်မြင့် လုပ်ဆောင်နိုင်ရန်၊ ဆားထွက်ကုန်နှင့် ဆားအခြေပြု လုပ်ဆောင်နေသာ စီးပွားရေး လုပ်ငန်းရှင်များ ဆက်စပ် ကဏ္ဍများမှ လိုအပ်မှုရှိသည်များကို အချင်းချင်း ပေါင်းစပ်ညှိနှိုင်းနိုင်ရန် စသည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။
 

ပြီးခဲ့သည့် ဇွန်လအတွင်းက ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာမှ  ဆားသိုလှောင်ရုံ ၁၉ ရုံ၊ ဆားပိသာချိန် သိန်း ၃၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးငွေ သိန်း ၆၀၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့သည်။
မွန်ပြည်နယ် နေလှန်ဆားကို ပေါင်၊ ဘီးလင်း၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဓိကထား ထုတ်လုပ်လျက်ရှိပြီး ၊ လုပ်ကွက် ဧကပေါင်း ၃၀၀၀ ခန့် ရှိနေသည်ဟု ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။

ဂေထော 

Leave a Reply