မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းမှ ဆားလုပ်ငန်းများအနေဖြင့် တစ်နှစ်တစ်ကြိမ် လိုင်စင်သက်တမ်းတိုးခြင်းကိစ္စများကို ယခုအောက်တိုဘာလကုန်၌ အပြီး တင်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်နယ် သတ္တုတွင်း၊ ဆားလုပ်ငန်းဦးစီးဌာနခွဲရုံးမှ ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

“လိုင်စင်သက်တမ်းကိုတော့ ဇူလိုင်လကစပြီး ထည့်သွင်းရတယ်ပေါ့။ ဒီအောက်တိုဘာလကုန် နောက်ဆုံးထားတင်သွင်းရမယ်။ ကြေညာချက်ထုတ်ထားတယ်။ ပြီးတော့ လိုင်စင်အသစ် လျှောက်ထားတဲ့ ဆားလုပ်ငန်းရှင်တွေရော ဒီလအတွင်းမှ အားလုံး အပြီး ထည့်သွင်းရမယ်” ဟု ၎င်းက ဆိုသည်။

ဆားလုပ်ငန်းလိုင်စင်ကိစ္စတွင် လိုင်စင်သက်တမ်း သတ်မှတ်ရက်ထက် တစ်ရက်ကျော်လွန်ပါက ဒဏ်ငွေ ၃၀၀ ကျပ်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းလိုင်စင်သက်တမ်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁ ရက်နေ့မှ ယခုလ၃ ရက်နေ့အထိ သံဖြူဇရပ်မြို့နယ်တွင် ဆားလုပ်ငန်းရှင် ၄၀ ဦး လာရောက်လျှောက်ထားကြောင်း အထက်ပါရုံးမှ သိရသည်။

“ရေးမြို့နယ် ဆားလုပ်ငန်းက သူတို့နေရာတွေမှာ မိုးရေမပြတ်သေးလို့၊ ရေချိုတွေလည်း ရှိနေတယ်။ ပြီးတော့ လယ်သမားတွေနဲ့ ဆက်စပ်မှုရှိနေတယ်။ သံဖြူဇရပ်က ဆားကွင်းနဲ့တော့ ရေးမြို့နယ်က မတူဘူး၊ လုပ်ငန်းမစသေးလ့ို နည်းနည်းနောက်ကျနေတယ်” ဟု ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဘီးလင်းမြို့နယ်မှ ဆားလုပ်ကွက်ဧက ၂၀၀ ခန့်ကို ဒေသခံများက ကန့်ကွက်ထားသည့်အတွက် ယခုနှစ်ဆားလုပ်ငန်းခွင်တွင် သံဖြူဇရပ်နှင့် ရေးမြို့နယ်များသို့ ဆားကွင်းဧကများ တိုးချဲ့၍ လိုင်စင်လျှောက်ထားလာသည်ကိုလည်း တေ့ွရှိနေရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီနှစ် ဆားဈေးနှုန်းကလည်း ဆားကြမ်းတစ်ပိဿာဆို ၁၈၀လောက်ရှိတယ်။ ဒီလိုမျိုး ဆားဈေးနှုန်းက ကျွန်တော်တို့ တစ်ခါ မတွေ့ဖူးဘူး။ ငါးနှစ်ရှိပြီ။ ဈေးကတော့ နှစ်ဆတက်သွားတယ်ပေါ့။ အဲဒါကြောင့် မလုပ်တဲ့ ဆားကွင်းတွေ ပြန်လုပ်လာတယ်” ဟု သံဖြူဇရပ်ဒေသခံ ဆားလုပ်ကိုင်သူများထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဆားလုပ်ကွက်ဧကပေါင်း ၂,၆၀၀ ခန့်ရှိရာ သံဖြူဇရပ်၊ ပေါင်၊ ရေးမြို့နယ်တို့တွင် အဓိကလုပ်ကိုင်လျက်ရှိကြောင်း ပြည်နယ် သတ္တုတွင်း၊ ဆားလုပ်ငန်းဦးစီးဌာနခွဲရုံး စာရင်းများအရ သိရသည်။

Written by – ခင်နန်းဌေး

 

 

Leave a Reply