မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းလိုင်စင်များကို လာမည့် နိုဝင်ဘာ တတိယအပတ်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက နိုဝင်ဘာ ၁၄ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“လိုင်စင်ကို ဆားလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပပြီး ကော်မတီရဲ့ခွင့်ပြုချက်နဲ့ လာမယ့် အပတ်တွင်းချပေးမယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ ဆားလုပ်ငန်းလိုင်စင် လျှောက်ထားသူ ၈၆ ဦးအထိ ရှိနေပြီး၊ ဆားလိုင်စင်ခ ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်အတွက် လုပ်ငန်းရှင် ၁၈ ဦးမှ တင်ပြထားကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ပြည်နယ်ဆားလုပ်ငန်းကော်မတီအနေဖြင့် ရေကြီးနှစ်မြုပ်၍ ဆုံးရှံးခဲ့သော ဆားလုပ်ငန်းရှင်များကို သက်သာခွင့် လျှောက်ထားပါက ပေးအပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။

ဆားလုပ်ငန်း လိုင်စင်အနေဖြင့် လုပ်ကွက် တစ်ဧကလျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် အခွန် ကောက်ခံသွားမည်ဟု ၎င်းက ပြောသည်။

ယခုနှစ်က ဆားကြမ်းဈေးနှုန်းမှာ တစ်ပိဿလျှင် ကျပ် ၁၅၀ အောက်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်ပိဿလျှင် ကျပ် ၂၀၀ နှင့်အထက် ဈေးရှိနေသည်။

ပြည်နယ်တွင် နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဓိကထား လုပ်ကိုင်လျက်ရှိပြီး၊ ဆားလုပ်ကွက် ဧကပေါင်း ၃၈၀၀ အထိ ရှိလာပြီ ဖြစ်ကြောင်း ဦးခင်စိုးက ဆိုသည်။

လျှမ်းထက်

Leave a Reply