Advertisements

မော်လမြိုင် အောက်တိုဘာ

ပြည်နယ်အတွင်း ယခုနှစ် နေလှန်ဆား လုပ်ငန်း လိုင်စင်ကို အောက်တိုဘာလအတွင်း ခွင့်ပြု မိန့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ထိုသို့ ထုတ်ပေးနိုင်ရန် လိုင်စင် လျှောက်ထားမှုကို ပြည်နယ် ဆားလုပ်ငန်း ကော်မတီ အစည်းအဝေး ခေါ်ယူ၍ စိစစ်ဆောင်ရွက် သွားမည်ဟု ၎င်းက ပြောသည်။

လိုင်စင် လျှောက်ထားမှုရာတွင် လယ်မြေပိုင်ဆိုင်မှု ပုံစံ (၇) အပါအဝင် မြေစာရင်းပုံစံ (၁၀၅) ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ ထောက်ခံချက်အပြင် မြို့နယ် ဆားလုပ်ငန်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့၏ လက်မှတ်လည်း ပါရှိ ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဆားလုပ်ငန်း လိုင်စင်ကို ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထား ခိုင်းထားပြီး လျှောက်ထားသူ ၈၇ ဦးအထိ ရှိနေကြောင်းနှင့် သို့သော်လည်း ကျန်ရှိနေသည့် လုပ်ငန်းများ ရှိနေသော်လည်း နောက်ကျ လျှောက်ထားမှု တစ်ရက်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် ဒဏ်ရိုက်သွားမည်ဟု ဦးခင်စိုးက ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ လျှောက်ဖို့ ကျန်တဲ့လုပ်ငန်းတွေ လာလျှောက်ရင် နောက်ကျ ဒဏ်ကြေး ပေးသွင်းပြီး လျှောက်လွှာ လက်ခံသွားမယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သော ဆားလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်တွင် လိုင်စင် ကြီးကြပ်ခ ကင်းလွတ်ခွင့်အတွက် ဌာန၌ ပုံစံ ဖြည့်၍ လျှောက်ထားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“လိုင်စင် လျှောက်တဲ့ နေရာမှာတော့ အခက်အခဲတော့ သိပ်မရှိဘူး၊ အားလုံးက အရင်အတိုင်းပါပဲ”ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ဆားကွင်း မန်နေဂျာ ဦးကျော်လွင်က ပြောသည်။

ပြည်နယ်တွင် ယမန်နှစ်က နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ဧကပေါင်း ၃၀၀၀ ခန့် လုပ်ဆောင်ခဲ့ကာ၊ လုပ်ငန်း လုပ်ကိုင်သူမှာ ၇၆ ဦး ရှိခဲ့ကြောင်း ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာန စာရင်များအရ သိရသည်။

လျှမ်းထက်

 

Advertisements
<

Leave a Reply