မော်လမြိုင်၊ မေ ၉

မော်လမြိုင်မြို့၊ အမှတ် ၁၀၄ ၊ စစ်တပ်ဝင်းအနီးရှိ ကွင်းပြင်တွင် မေ ၆ ရက်နေ့က ဆိတ်ကျောင်းသည့် ၁၂ နှစ်အရွယ် လူငယ်တစ်ဦး အသတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ကလေးငယ်တစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ အကြောင်းကြားလို့ ကလေးငယ်အလောင်းကို မော်လမြိုင်ဆေးရုံကြီးဆီ ပို့ဆောင်ပေးပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းကို အကြောင်းကြားပေးခဲ့တယ်” ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဟန်ကိုကိုထွန်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မုပွန်နယ်မြေရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆေးခဲ့ရာ ဒဏ်ရာများဖြင့် သေဆုံးနေသူမှာ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ အမှတ် ၁၀၄ စစ်တပ်ဝင်အတွင်း လာရောက်နေထိုင်နေသည့် အသက် ၁၂အရွယ် မောင်ကျော်လင်းဦး (ခ) ဇာဝါး ဖြစ်ပြီး စမ်းကြီး အခြေခံပညာအထက်တန်းကျောင်း (ခဲွဲ) မှ အဋ္ဌမတန်း ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲဒီကလေးက ညနေ ၃ နာရီကျော်လောက်မှာ သူ့အိမ်ကနေ ဆိတ်ကျောင်းထွက်သွားပြီတော့ ၆ နာရီကျော် လောက်မှာ အိမ်ကို ဆိတ်တွေသာပြန်ရောက်လာတယ်။ ကလေးကပြန်မရောက်တော့ သူ့အိမ်က လူတွေလိုက် ရှာတော့မှ ၁၀၄ စစ်တပ်နဲ့ လူငယ်သင်တန်းကျောင်းကြား ကွင်းပြင်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရ တယ်” မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်းက ပြောဆိုသည်။

အသက် ၁၂ နှစ်အရွယ်ရှိ မောင်ကျော်လင်းဦးမှာ ၁၀၄ စစ်တပ်ဝင်း ရော်ဘာခြံအနီး စမ်းကြီးရပ်၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းရှေ့ ကွင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ဘယ်ဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိ၍ သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

မောင်ကျော်လင်းဦး သေဆုံးအသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ မုပွန်နယ်မြေရဲစခန်းမှ (ပ) ၁၇၄၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေး အတွက် လိုက်လံစုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Leave a Reply