လူ ၇၀၀,၀၀၀ ခန့် နေထိုင်သည့် လှိုင်သာယာကို နှစ်ပိုင်းခွဲရန် လူ ၃,၀၀၀ ခန့် နေထိုင်သည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း အစိုးရအရာရှိများက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရန် နှင့် လှိုင်သာယာမြို့နယ်ကို နှစ်ခြမ်းခွဲပြီး မြို့နယ်နှစ်ခုအဖြစ် သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်။

ဖျက်သိမ်းလိုက်သည့် ဆိပ်ကမ်းမြို့နယ်သည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူ ၃,၀၀၀ နီးပါးသာ နေထိုင်သည့် ရန်ကုန်မြို့လယ်မှ မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့နှင့် လှိုင်မြစ်ခြားထားသည့် လှိုင်သာယာမြို့နယ်တွင် လူ ၇၀၀,၀၀၀ သိန်းနီးပါး နေထိုင်ကြောင်း ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် မှတ်တမ်းတင်ထားသည်။

ဆိပ်ကမ်းမြို့နယ်အတွင်းရှိ မော်တင်ယာယီဈေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့လည်းကောင်း၊ ဆိပ်ကမ်းမိသားစုရိပ်သာ၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်တို့ကို ဗိုလ်တထောင်မြို့နယ်ထဲသို့ ထည့်သွင်းဖွဲ့စည်းလိုက်ကြောင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

လှိုင်သာယာကိုတော့ လှိုင်သာယာ(အရှေ့ပိုင်း) နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များအဖြစ် ခွဲခြားသတ်မှတ်လိုက်ခြင်းဖြစ်သည်။

လူဦးရေ ထောင်ဂဏန်းသာရှိသည့် ဆိပ်ကမ်းမြို့နယ်ကိုဖျက်သိမ်းခဲ့ခြင်းမှာ လှိုင်သာယာ၏ တစ်နေ့တခြားများပြားလာသည့် လူဦးရေတိုးနှုန်းကို စီမံခန့်ခွဲနိုင်ရန်အတွက် ရန်ကုန် နှင့် ပြည်ထောင်စုအစိုးရက စီစဉ်ခြင်းရခြင်းဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ၂၆ မိုင် အကျယ်အဝန်းရှိသည့် စက်မှုမြို့တော် လှိုင်သာယာတွင် ရပ်ကွက်(၂၀)၊ ကျေးရွာအုပ်စု (၉)စု အိမ်ထောင်စု ၆၆၀၀၀ကျော်ရှိနေပြီး အိမ်ထောင်စုစာရင်းမရှိသည့် ကျူးကျော်နေထိုင်သူများ၊ မြို့နယ်အတွင်းရှိ စက်မှုဇုန် (၁၃)ခုရှိ စက်ရုံများတွင် လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားများစွာ နေထိုင်ကြသည်။

လှိုင်သာယာကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် မြို့နယ်နောက်တစ်ခု ထပ်တိုးရန်မှာ မြို့နယ်တစ်ခုကို ဖျက်သိမ်းရန်လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ သာ ထားရှိရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ဦးသန်းထိုက်အောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ (က)အရ မြို့နယ်ကို အခြေခံရွေးချယ်ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးထက် မပိုရန် သတ်မှတ်ထားပြီး မြို့နယ် ၃၃၀ ထက် ပိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်စပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ်တစ်ခုခုနှင့် ပူးပေါင်းပြီး မဲဆန္ဒနယ်တစ်ခု သတ်မှတ်ရမည် ဖြစ်သည်။

ဆိပ်ကမ်းမြို့နယ်ရှိ ဆိပ်ကမ်းအာဏာပိုင်ဝန်ထမ်းများ နေထိုင်ရန်အတွက်လည်း ရန်ကုန်မြို့တွင်း၌ အိမ်ခန်းပေါင်း ၉၆ ခန်း စီစဉ်ထားရှိပြီး ဖြစ်သည်ဟု ဦးသန်းထိုက်အောင်က Myanmar Now ကို ပြောသည်။

လှိုင်သာယာမြို့နယ်၏ ထပ်တိုးမြို့နယ်တွင် ဆိပ်ကမ်းမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများ နှင့်ရဲဝန်ထမ်း များကို ရွှေ့ပြောင်းသွားမည်ဟု ဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့ရာတွင် မြို့နယ်လျှော့ခြင်း၊ တိုးခြင်းကိစ္စသည် မည်သည့်နေ့တွင် စတင်ပြီး အတည်ဖြစ်မည်၊ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်၊ ပြောင်းရွှေ့ရမည့် ရုံးဌာနများ၏ အချိန်ဇယား စသည်တို့ကိုမူ ထည့်သွင်းမပြောသွားသလို သက်ဆိုင်ရာဝန်ထမ်းများကလည်း မသိရှိကြပေ။

လူဦးရေ အလွန်များပြားနေသည့် လှိုင်သာယာမြို့နယ်ကို မြို့နယ်တစ်ခုစာသာ ဘတ်ဂျက်ပေးနိုင်ပြီး စာသင်ကျောင်းအရေအတွက်နှင့် အုပ်ချုပ်ရေးယန္တယားမှာ မနိုင်ဝန်ထမ်းနေရ၍ အပြောင်းအလဲပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းအစိုးရက သုံးသပ်နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့ ထုတ် 7Day သတင်းစာက ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လက Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လှိုင်သာယာမြို့နယ်ကို မြို့နယ်နှစ်ခု ဖော်ဆောင်နိုင်ရန် အချက်အလက်များ ကောက်ယူနေကြောင်း၊ မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူလူထု၏ ဆန္ဒသဘောထားများကိုလည်း ကောက်ခံနေကြောင်း ပြောသည်။

ဆိပ်ကမ်းမြို့နယ်တွင်လည်းတွင် ထိုကာလတွင်ပင် ပြည်သူလူထု ဆန္ဒသဘောထားများကောက်ခံခဲ့ပြီး အများစုက မြို့နယ်ဖျက်သိမ်းမည့် ကိစ္စကို သဘောတူညီကြသည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောသည်။

ဆိပ်ကမ်းမြို့နယ် မိသားစုရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မစုမွန်မြင့်က ရန်ကုန်မြို့နေ ပြည်သူအများစုက ဆိပ်ကမ်းမြို့နယ်ကို မသိရှိကြဘဲ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နှင့် မှားယွင်းကြသည်ဟု ပြောသည်။

လှိုင်သာယာမြို့နယ်၏ လူဦးရေအချိုးအစားနှင့် မြို့နယ်ကို စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာဖွဲ့စည်းပုံ မမျှတော့ဘဲ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့်အတွက် လှိုင်သာယာမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ပေးရန် ရှိမရှိ ၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဌာနဆိုင်ရာဝန်ထမ်းလိုအပ်မှုတွေ များစွာရှိနေပြီး အခြေခံပညာကျောင်းအချို့တွင် ကျောင်းသားဦးရေ ထောင်ချီရှိနေကြောင်း၊ တရားဥပဒေစိုးမိုးပြီး စိတ်ချလုံခြုံဖွံ့ဖြိုးတိုးတက်သည့် မြို့သစ်တစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန်အတွက် မေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောသည်။

“တရားဥပဒေစိုးမိုးရေးကအစပေါ့။ အခြားအခြားသော ကျန်းမာရေး၊ပညာရေး ဝန်ဆောင်မှုတွေကအစ မနိုင်မနင်းဖြစ်နေတဲ့ အခါကျတော့ ပြုပြင်ပြောင်းလဲမှု တစ်ခုကတော့ လုပ်ရတော့မယ်။ လုပ်တဲ့အခါမှာ ခရိုင်အဆင့်တိုးမပေးနိုင်တဲ့အခါမှာ မြို့နယ် ခွဲပေးတဲ့သဘောဖြစ်သွားတဲ့ သဘောပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။

အာဏာရ NLD ပါတီက ဆိပ်ကမ်းမြို့နယ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့်အတွက် ဆိပ်ကမ်းမြို့နယ်ကို နိုင်ငံရေးအရ ဖျက်သိမ်းခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တိုင်းလွှတ်တော်တွင် ကန့်ကွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ၂၀၁၉ ခုနှစ် ဩဂုတ်လက Myanmar Nowကို ပြောသည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလကတည်းကပင် ထိုမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ အကြိမ်အရေအတွက် အများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိပ်ကမ်းမြို့နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၎င်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး NLD ဝင်ရောက်မယှဉ်ပြိုင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဦးသန်းထိုက်အောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က ၁၅၉ မဲအသာဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်းတို့ပါတီက ပါဝင်ပတ်သတ်နေသည့် အသေးစား ငွေချေးလုပ်ငန်းအကြောင်းကို Myanmar Now သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲရလာဒ်မှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ဖြိုးသီဟချို Myanmar Now

Leave a Reply