Advertisements

ထားဝယ် အောက်တိုဘာ

ထားဝယ်မြို့ကမ်းနားလမ်းပိုင်းရှိ ယခုနှစ်ဆန်းပိုင်းက မြေယာရှင်းလင်းထားခဲ့သော ဆိပ်ကမ်းသာပန်းခြံအနောက်တွင် ထားဝယ်နဂါးကုမ္ပဏီက တနင်္သာရီတိုင်းအစိုးရထံ လုပ်ပိုင်ခွင့် အဆိုပြုထားကြောင်း သိရသည်။

မြောင်းပုလဲတံတားမှ ဘုမ္မော်ချောင်းအထိ ဧရိယာ ပေ ၁၂၀၀×၁၅၀ အကျယ်တွင် မြန်မာ၊ ထိုင်း၊ ဂျပန် စားသောက်ဆိုင်များ၊ ဒေသထွက်ကုန်အမှတ်တရပစ္စည်းဆိုင်များနှင့် ညဈေးတန်းပြုလုပ်ရန် BOTစနစ်ဖြင့် နှစ် ၅၀ မြေငှားရမ်းအသုံးပြုခွင့် ရရှိရန် တင်ပြခြင်းဖြစ်သည်။

“ ဒီလိုမျိုး လာ အဆိုပြုတာ တစ်ယောက်ပဲရှိသေးတယ်”ဟုတိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ယင်းသို့ အဆိုပြုထားကြောင်း၊ ယင်းမြေမှာ ဆိပ်ကမ်းအာဏာပိုင်မြေဖြစ်၍ ယခုလအစောပိုင်းက ပြည်ထောင်စုအစိုးရထံတင်ပြထားကြောင်း၊ အကြောင်းပြန်စာမရသေးကြောင်း ၎င်းက ပြောသည်။

ယခင်ကမူ အဆိုပါလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြောင်းပုလဲတံတားနှင့် ဆိပ်ကမ်းအာဏာပိုင်ရုံးကြား မြေကို မြစ်သဲကျောက်လုပ်ကိုင်သူ ၁၄ဦး၊ စားသောက်ဆိုင်၊ စင်တင်တေးဂီတနှင့်လဘက်ရည်ဆိုင် လုပ်ကိုင်သူ ၇ဦး၊ ငါးဒိုင် ၁၂ ဒိုင်၊ ဝါးဓနိရောင်းဝယ်သူ ၇ဦး၊ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သူ ၄ဦးတို့အား တစ်နှစ်စာချုပ်ဖြင့် ဆိပ်ကမ်းအာဏာပိုင်ရုံးက ငှားရမ်းထားခဲ့ဖူးသည်။

အဆိုပါမြေကို ဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးရေး ဆောင်ရွက်ရန်ဟု ဆိုကာ အထက်ပါရုံးက မြေဆက်မငှားတော့ဘဲ ၂၀၁၈ အစောပိုင်းက ရှင်းလင်းမှု ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ယင်းသို့တင်ပြထားဆဲ စီမံကိန်းကို အစိုးရထံမှ ခွင့်ပြုချက်ရရှိလျှင် အစုရှယ်ယာရှင်များနှင့် ဒေသခံလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၃သန်းရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း ထားဝယ်နဂါးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ပြောသည်။

တင့်လွင်

Leave a Reply