Advertisements

မော်လမြိုင်၊ မတ် ၂၈

မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းမနေရ ဖြစ်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယနေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ပြီးချိန်၌ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“ဆိုင်ကယ်စီးနင်းသူတွေ ဆိုင်ကယ်ဦးထုပ်ဆောင်းကြပါ။ အရင်က ဖမ်းဆီးအရေးယူတဲ့အဖွဲ့ ၂ ဖွဲ့တည်း၊ အခုတော့ နောက်ထပ် ၄ ဖွဲ့ ၊စုစုပေါင်း ၆ ဖွဲ့။ ထပ်ဖွဲ့ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်တော့မယ်၊ အဲဒီအတွက် ဦးထုပ်ဆောင်းကြပါ၊ ဆိုင်ကယ်ဘက်မှန်ထောင်တွေတပ်ဆင်ကြပါ” ဟု ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုများကြောင့် လူအသက်သေဆုံးမှုများ ပိုမိုဖြစ်ပေါ်နေခြင်းကြောင့် ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မှုကို ခဏတာလုပ်ဆောင်မှုမျိုးမဟုတ်ဘဲ နေ့ရက်၊ လ ပေါင်းများစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တွေမှာ ထိုင်းနံပါတ်ပြားတွေနဲ့ တပ်ဆင်မောင်းနင်တာတွေ့ရင် ချက်ချင်းသိမ်းမယ်။ အပြီးအပိုင်သိမ်းမယ်။ ကျန်တာတွေကိုတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်းပြုလုပ်သွားမယ်”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။

မော်လမြိုင်မြို့၏ ဒုတိယဂုဏ်ယူဖွယ်ရာတစ်ခုအဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ရှိစေရန်နှင့် ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ကြစေရန် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက လိုလားကြောင်း ရဲမှူး ကျော်သူက ဆိုသည်။

“ဝန်ကြီးချုပ်ပြောတာ ရှင်းရှင်းလေး၊ ပထမ ဂုဏ်ယူစရာက မော်လမြိုင်မြို့က အမှိုက်တွေနဲ့ ရှုပ်ပွနေတာ၊ အခုအရင်ကလို အမှိုက်ပုံကြီးမဟုတ်တော့ဘူး။ ဒုတိယဂုဏ်ယူစရာက ဘာလဲ။ အထူးသဖြင့် မော်လမြိုင်မြို့၊ သထုံမြို့တွေမှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းတွေရှိအောင် တအားလိုချင်နေတယ်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲနဲ့ မောင်းလို့ မသေသင့်ဘဲ သေနေတယ်” ဟု ၎င်းက ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ ဒေသခံပြည်သူများက ပူးပေါင်းပါဝင်မှုမရှိခြင်းကြောင့် ဆိုင်ကယ်စီးနင်းသူ ၈၀ ရာခိုင်နှုန်းအထိ လုပ်ဆောင်ပေးနိုင်ပြီး ၁၀၀ ရာခိုင်နှုန်းအပြည့်ကိုမူတာဝန်မခံနိုင်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများနှင့် CSO ၊ NGO များအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်များကို ဆောင်းရန်လိုအပ်ပြီး ပြည်သူများကို စံနမူနာပြကာ အသိပညာပေးဆောင်ရွက်လျက် ပူးပေါင်းပါဝင်သွားမည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ်မျှော်မှန်းထားသည့် လိုလားချက်များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ရဲမှူးကျော်သူက ဆိုသည်။

ခေတ်မင်း

Leave a Reply