မော်လမြိုင်၊ မတ် ၄ ။ ။ ကျိုက်ထို – ကင်မွန်းချောင်း ကားလမ်း မိုင်တိုင်အမှတ် (၂/၄)နှင့် (၂/၅) အကြားတွင် မတ်လ ၃ ရက် ညနေ ၄ နာရီခွဲခန့်က ကျောင်းသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် လိုက်ထရပ်မော်တော်ယာဉ်တို့ တိုက်မိ ပြီး ကျောင်းသားတစ်ဦး သေဆုံးသွားကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။

ကျိုက်ထိုမြို့ဘက်မှ ကင်မွန်းချောင်းဘက်သို့ ဦးမောင်စိုး မောင်းနှင်လာသည့် လိုက်ထရပ် အမျိုးအစား မော်တော်ယာဉ်သည် ဂငယ်ကွေ့ ရုတ်တရက် ချိုးကွေ့စဉ် အ.ထ.က (၁) ကျိုက်ထိုမှ အဌမတန်းကျောင်းသား ကျော်ညီထွဋ်နှင့် နဝမတန်း ကျောင်းသား သွင်ထူးနိုင်တို့ နှစ်ဦး စီးနင်းလိုက်ပါလာသည့် စူပါကပ်အမျိုးအစား ဆိုင်ကယ်နှင့် တိုက်မိပြီး ဆိုင်ကယ်တိမ်း မှောက်ခဲ့ကြောင်း ၎င်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်နှင့် ကားတိုက်မှုကြောင့် အဌမတန်းကျောင်းသား ကျော်ညီထွဋ်မှာ ဒဏ်ရာမသက်သာသဖြင့် ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း ၎င်းက ပြောသည်။

လိုက်ထရပ်ယာဉ်မောင်း ဦးမောင်စိုး (စုံစမ်းဆဲ)မှာ ထွက်ပြေးတိမ်းရှောင်နေပြီး အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ဦးမောင်စိုးအား (ပ) ၁၈/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄ (က) အရ အမှုဖွင့်ထားကာ၊ ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

Leave a Reply