မော်လမြိုင်၊ ဒီဇင်ဘာ ၆။

မော်လမြိုင် – ကျိုက္ခမီ လမ်းမကြီး၊ စမ်းကြီး လူငယ်သင်တန်းကျောင်း အနီးတွင် ဒီဇင်ဘာ ၄ ရက်၊ ည ၇ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ရာမှ လူသုံးဦး သေဆုံးကာ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“ဆေးရုံရောက်ရောက်ချင်းမှာပဲ ဆိုင်ကယ်ယာဉ်မောင်း ကိုဖြိုးဆိုသူက သေဆုံးခဲ့ပြီး ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) မနက်မှာတော့ ကိုမိုးကျော်သူနဲ့ သူ့ရဲ့သား အောင်လင်းစိုးတို့ နှစ်ဦး ထပ်မံ သေဆုံး ခဲ့ရတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဈေးကြိုရပ်ကွက်၊ စမ်းကြီးရပ်နေ မိုးကျော်သူ မောင်းနှင်ပြီး ဇနီးနှင့် သားတို့ လိုက်ပါ၍ ဈေးကြိုမှ ဖားအောက်ဘက်သို့ မောင်းနှင်လာစဉ် တဘက် ယာဉ်ကြောမှ ဝေဖြိုးနှင့် အောင်ကိုမြင့် တို့နှစ်ဦး မောင်းနှင် လာသည့် ဆိုင်ကယ်နှင့် အဝေးပြေး လမ်းမ လယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

“သတင်းကြားကြားချင်း ယာဉ်တိုက်မှုနေရာကို သွားရောက်ပြီး ဒဏ်ရာရအမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် တစ်ဦးကို မော်လမြိုင် ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်။ ဆေးရုံရောက်တော့ ပေါင်မြို့၊ ကျားဗိုရွာက ဆိုင်ကယ်ယာဉ်မောင်းသူ ဝေဖြိုး သေဆုံးခဲ့တယ်” ဟု မော်လမြိုင်မြို့ (RESCUE) အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ် မောင်းနှင် သူများ ဖြစ်ကြသည့် ဝေဖြိုးနှင့် မိုးကျော်သူတွင် သေဆုံး ခဲ့ပြီး နောက်မှ လိုက်ပါ စီးသူများ ဖြစ်သည့် ဒေါ်ထွေးနှင့် အောင်ကိုမြင့် တို့မှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့၍ ဆေးကုသမှု ခံယူဆဲ ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်ေ မာင်းနှင်ခဲ့သူ ဝေဖြိုးနှင့် မိုးကျော်သူတို့ နှစ်ဦးကို မုပွန်နယ်မြေ ရဲစခန်းမှ (ပ) ၃၆/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)/ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

Written by ခေတ်မင်း

Leave a Reply