မော်လမြိုင်၊ မတ် ၉

မွန်ပြည်နယ်တွင် ဆိုင်ကယ် မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လာနေသည့်အတွက် အထူးစီမံချက်တစ်ရပ်ကို ပြည်နယ်အစိုးရအဖွဲ့က မတ် ၈ ရက်နေ့၌ ထပ်မံညွှန်ကြားလာခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂ ီတိုးက ပြောကြားသည်။

အဆိုပါ စီမံချက်အရ ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်စဉ်ရော စီးနင်းလိုက်ပါစဉ်ပါ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ ဆောင်းရန်၊ နားကြပ်အသုံးပြု၍ သီချင်းနားထောင်ခြင်း၊ ဖုန်းပြောဆိုခြင်းများ မပြုလုပ်ရန်၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန်များ ဝဲဘက်ရော ယာဘက်ပါ တပ်ဆင်ပြီးမှ မောင်းနှင်သွားလာရန် စသည့် စည်းကမ်းချက်များသတ်မှတ်ထားပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ထပ်တိုးစီမံချက်အနေဖြင့် ညွှန်ကြားလာခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် ကညန ရုံးမှတစ်ဆင့် သိရသည်။

ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂ ီတိုးက “အမျိုးသား ယာဉ်/လမ်း အန္တရာယ်ကင်းရှင်ရေးလုပ်ငန်း စီမံချက်လေးရပ်ရှိတယ်။ ဒါကထပ်တိုးစီမံချက်တစ်ရပ်လည်း ဖြစ်တယ်” ဟု ထပ်လောင်းပြောပြသည်။

ပြီးခဲ့သည့်၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၉၅၁ မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်တိုက်မှု ၅၄၀ မှုတွင် ဒဏ်ရာရရှိသူ ၉၃၆ ဦး၊ သေဆုံးသူ ၂၁၉ ဦး အထိရှိခဲ့ပြီး တစ်နှစ်နှင့် တစ်နှစ် ပိုမိုမြင့်တက်လာနေကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

မွန်ပြည်နယ် ယာဉ်/လမ်းအန္တရာယ်ကာကွယ်တားဆီးရေးအစုအဖွဲ့အနေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းသူများကို မတ် ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပညာပေးကာလအဖြစ် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး မတ် ၂၁ ရက်နေ့မှ စတင်ကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

သတ်မှတ်ချက်နှင့် သွေဖယ်၍ စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်မောင်းနှင်သူများကို မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၂၊ ပုဒ်မ ၆၅ အရ ဒဏ်ငွေ သုံးသောင်းကျပ်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

written by ခင်နန်းဌေး

Leave a Reply