မွန်ပြည်နယ်အတွင်း၌  ဆိုင်ကယ်များကို မြို့ဝင်ကြေး မကောက်ရန် ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်;ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“ဆိုင်ကယ်တွေကို မြို့ဝင်ကြေး မကောက်ဖို့ ပြည်နယ် အစိုးရက ညွှန်ကြားထားတယ်၊ နောက်ဆို ဘယ်ဆိုင်ကယ်မှ မကောက်တော့ဘူး”ဟုယင်းက ပြောသည်။

ယင်းအပြင် မြို့ဝင်ကြေးများအတွက် လေလံပေးထားသည့် လုပ်ငန်းများကိုလည်း မြို့ဝင်ကြေး မကောက်ရန် ပြန်လည် ညွှန်ကြားထားကြောင်း ယင်းက ပြောဆိုသည်။

မြို့ဝင်ကြေး အတွက် ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့ကို လေလံ ပေးထားသော်လည်း ယခုအခါ  ရပ်နားခိုင်းထားကြောင်းယင်းက ပြောသည်။

 “ဆိုင်ကယ်တွေကို မြို့ဝင်ကြေး မကောက်ဖို့ကို ပြည်နယ်အစိုးရအနေနဲ့ အမိန့် ညွှန်ကြားချက် ထုတ်လို့ရတယ်၊ ဒီအတွက် ညွှန်ကြားချက်ထုတ်ထားတယ်လို့တော့ ကျွန်တော်တို့ မကြားသိရသေးဘူး၊ ဝန်ကြီးချုပ်ကတော့ မကောက်ဖို့ ဆန္ဒရှိနေတယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

ယခင်နှစ်များက မြို့ဝင် ကြေးကို ရွှေသံလွင် ကုမ္ပဏီနှင့် ဟိုင်းဝေး ကုမ္ပဏီ နှစ်ခုကို လုပ်ကိုင်ခွင့်ပေးထားခဲ့သော်လည်း လက်ရှိတွင် ရွှေသံလွင်ကုမ္ပဏီက ရပ်နားသွားသည့်အတွက် စည်ပင်သာယာရေးအဖွဲ့က ကောက်ခံရန် စီစဉ်နေကြောင်း ဦးတင်ကိုကိုက ရှင်းလင်းပြောဆိုသည်။

မြို့ဝင်ကြေးဂိတ်များ ဆောက်လုပ်ရန်အတွက် မြေနေရာများရွေးချယ်နေပြီး၊ လတ်တလောတွင် ညှိနှိုင်းဆောင်ရွက်သည့် အဆင့်သာ ရှိသေးကြောင်း၊ဂိတ်များ ဆောက်လုပ်ပြီးစီးပါက မြို့ဝင်ကြေးအတွက် အခြားမော်တော်ယာဉ်များကိုယခင်က သတ်မှတ်နှုန်းထားအတိုင်းသာ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

“ဆိုင်ကယ်တွေကိုတော့ မြို့ဝင်ကြေး မကောက်ဖို့ လိုတယ်၊ မကောက်မှ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သွားရေးလာရေး အဆင်ပြေမှာ ဖြစ်တယ်”ဟု မော်လမြိုင်မြို့ခံ ဦးကျော်မြင့်က ဆိုသည်။

ယခင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ မြို့ဝင်ဂိတ်များမှ ကောက်ခံရရှိသည့် မြို့ဝင်ကြေး အခွန် ကျပ်သန်း ၄၂၄ ဒသမ ၇၀၇၉ သန်ကျော်ကို ကောက်ခံရရှိထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးရုံးမှ စာရင်းမျုားအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply