(ဓါတ်ပုံ အညွှန်း – ၁၂ ဘီးယာဉ်နှင့် တိုက်မိသည့် မော်တော်ဆိုင်ကယ်ကို ရန်ကုန်-မော်လမြိုင် အမြန်လမ်းပေါ်တွင် မြင်တွေ့ရစဉ်)

ချောင်းဆုံ ၊ ဇန်နဝါရီ

ဆိုင်ကယ်တိမ်းမှောက်ရာမှ သေဆုံးသွားခဲ့ရသော ချောင်းဆုံဒေသခံအမျိုးသမီးတစ်ဦးအတွက် သူတပါးထိခိုက်မှု အာမခံလျော်ကြေးရရှိငွေကို မွန်ပြည်နယ် အာမခံလုပ်ငန်းတာဝန်ခံ ဦးအောင်ဟိန်းကျော်က မိသားစုဝင်များထံ ဇန်နဝါရီလ ၂၃ ရက်တွင် မြို့နယ် ယထက ရုံးတွင် လာရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၇ လခန့်က ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ချဉ်းကပ်လမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ဆိတ်ကို တိုက်မိရာက ဆိုင်ကယ်နောက်မှာလိုက်ပါစီးနင်းလာတဲ့နတ်မှော်ကျေးရွာက ဒေါ်မြညွန့် (ခ) မမိစိန် သေဆုံးခဲ့ ခြင်းအတွက်ရရှိတဲ့ သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေကျပ် ၁၀ သိန်းကို သေဆုံးသူရဲ့ခင်ပွန်းဖြစ်တဲ့ ဦးအေးသန်းကို အခမ်းအနားနဲ့ထုတ်ပေးခဲ့တယ်”ဟု မြို့နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ(ယထက)ရုံးအဖွဲ့မှူး ဦးရဲဏီလင်း ကဆိုသည်။

ယာဉ်လိုင်စင် နှင့်ယာဉ်မောင်းလိုင်စင်ပြုလုပ်စဉ် အာမခံကြေးများပေးသွင်းထားသော်လည်း ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေကျေပျက်စီးမှုဖြစ်စဉ်များတွင် သူတပါးထိခိုက်မှုအာမခံလျော်ကြေးများ ထုတ်ယူနိုင်သည်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း ၊ယာဉ်မတော်တဆမှုကြောင့်သေဆုံးမှုဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါက ပြည် နယ်အာမခံရုံးတွင်လာရောက်ဆက်သွယ်ပါကကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဦးအောင်ဟိန်းကျော် က အသိပေးပြောကြားခဲ့သည်။

မြို့နယ် ယထက ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းက “ယာဉ်လိုင်းအသင်းဝင်တွေအားလုံးလည်းသိထားသင့်တယ်။ဒေသကပြည်သူတွေကိုလည်း သိအောင်တဆင့်စကားတဆင့် ပါးစေချင်တယ်”ဟု တိုက်တွန်းခဲ့သည်။

ယာဉ်လိုင်စင် ၊ယာဉ်မောင်းလိုင်စင်များကို တရားဝင်ဖြစ်အောင်ပြုလုပ်ထားစေလိုကြောင်း ၊ယာဉ်တိုက်မှု ၊ယာဉ်တိမ်းမှောက်မှုများမဖြစ်ပွားစေရန်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာသိရှိထားစေလို ကြောင်း ၊ယာဉ်ကြောင့်သေဆုံးမှုဖြစ်စဉ်များဖြစ်ပေါ်လာပါက သူတပါးထိခိုက်နစ်နာမှုအာမခံလျော်ကြေးငွေ ထုတ်ယူရရှိနိုင်သည်ကိုသိထားသင့်ကြောင်း နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက မှတ်ချက်ပေးသည်။

Written by လွတ်လပ်မောင် (ယက္ခမြေ)

Leave a Reply