Advertisements

မော်လမြိုင် မတ်

ယခုနှစ် မတ်လ ၆ ရက်မှ ၂၀ ရက်နေ့အထိကို မွန်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်ကို စည်းကမ်းမဲ့မောင်းနှင်စီးနင်းသူများအား ယင်းကာလလွန်သည်နှင့် ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

“တားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူတိုင်းအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ ဆောင်းရန်၊ မည်သည့်လမ်းကြောမဆို မောင်းနှင်သွားလာနေစဉ်တိုင်း၌ လက်ကိုင်ဖုန်းအသုံးမပြုရန်၊ နားကြပ် ၊ Bluetooth အပါအဝင် အလားတူ ဆက်စပ်ပစ္စည်းများ အသုံးပြု၍ သီချင်းနားထောင်ခြင်းမျိုး မပြုရန်၊ နောက်ကြည့်မှန်များ အသင့် တပ်ဆင်ထားရန် စသည့် စည်းကမ်းချက် များကိုလိုက်နာရေးအတွက် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း ယာဉ်တိုက်မှုပေါင်း ၉၅၁ မှုရှိရာ ဒဏ်ရာရရှိသူ ၁၅၇၉ ဦး၊ သေဆုံးသူ ၃၈၉ ဦးရှိပြီး မော်တော်ဆိုင်ကယ်ကြောင့် ယာဉ် တိုက်မှု ၅၄ဝ ရှိခဲ့ရာ ဒဏ်ရာရရှိသူ ၉၃၆ ဦး၊ သေဆုံးသူ ၂၁၉ ဦးရှိခဲ့သည်။

မွန်ပြည်နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေး (၁/ ၂ဝ၁၈) ကို မတ်လ ၁၃ ရက်၊ နံနက် ၁ဝ နာရီတွင် မော်လမြိုင်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ ယင်းကောင်စီ ဥက္ကဋ္ဌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာမှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြသည်။

Written by ခေတ်မင်း

Leave a Reply