ဆိုင်ကယ် ရောင်းအားတက်

မော်လမြိုင် နိုဝင်ဘာ

ပွင့်လင်းရာသီဝင်လာပြီဖြစ်၍ ဆိုင်ကယ်များရောင်းအားတက်လာကြောင်း မော်လမြိုင်မြို့ရှိ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။

“တော်တော်လေးတော့ အရောင်းအဝယ်ကောင်းလာတယ်။ မိုးရာသီတုန်းက ရေမြုပ်တော့ အဆင်မပြေဘူး။ အခုမှ ကောင်းလာတာ” ဟု မော်လမြိုင်မြို့ Honda ဆိုင်ကယ်အရောင်းဆိုင်မှ Supervisor ကိုကျော်ဆန်းနိုင်ကပြောသည်။

မိုးရာသီတွင် တစ်စီးမျှ ရောင်းမထွက်သည့်နေ့များရှိသော်လည်း ယခုအခါ ပျမ်းမျှ တစ်နေ့ ၈ စီးခန့် အရောင်းအဝယ်ဖြစ်နေသည်ဟု ၎င်းကပြောသည်။

ပွင့်လင်းရာသီရောက်လာသဖြင့် ဆိုင်ကယ်များရောင်းအားကောင်းစပြုနေကြောင်း၊ လက်ရှိတွင် Wave 125, 2018 model မှာ သိန်း ၃၀ ကျော် ဈေးနှုန်းဖြင့် ရောင်းအားအကောင်းဆုံးဖြစ်နေကြောင်း ဦးတင်ထွန်းဆိုင်ကယ်ရောင်းဝယ်ရေးကပြောသည်။

ဒေါ်လာဈေးတက်ချိန်တွင် ၄ လအတွင်း ပျမ်းမျှအားဖြင့် ဆိုင်ကယ်ဈေးနှုန်း ကျပ် ၁ သိန်းခန့် တိုးမြင့်သွားသည်ဟု ဦးတင်ထွန်းကပြောသည်။

ဈေးနှုန်းအားဖြင့် Wave 100 တစ်စီးလျှင် ၁၂၉၀၀၀၀ ကျပ်၊ Wave 110 ကို ၁၇၁၀၀၀၀ ကျပ်၊ Dream 125 ကို ၂၂၆၀၀၀၀ ကျပ်၊ Click 125 ၂၇၇၀၀၀၀ ကျပ်နှင့် Scoopy 110 ကို ၂၃၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း Honda ဆိုင်ကယ်အရောင်းဆိုင်ထံမှသိရသည်။

နွေပေါက်၍ အရောင်းအဝယ်တက်သော်လည်း ယခုနှစ်တွင် မော်လမြိုင်မြို့၌ ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် ပိုမိုများပြားလာသဖြင့် ယှဉ်ပြိုင်မှုများကြောင့် ယခင်နှစ်နှင့်ယှဉ်လျှင် အရောင်းမသွက်ကြောင်း ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.