ယခင် ပြည်နယ်အစိုးရကရပ်ဆိုင်းထားသည့်စီမံကိန်း၃ခုအနက် ဘိုကုန်းရပ်ကွက်ရှိအဆင့်မြင့် ဟိုတယ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းကို အစိုးရက ပြန်လည်လုပ်ဆောင် မည်ဖြစ်ကြောင်းမွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

Aung-Naing-Oo

အဆိုပါစီမံကိန်းကိုယခင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့်သာရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီးအစိုးရသစ်လက်ထက်တွင်
ဆက်လက် ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သည့်အတွက်ကုမ္ပဏီနှင့်စာချုပ်ချုပ်ထားသည့်အတိုင်းစတင်တည်ဆောက်မည့်ကိစ္စကိုဇူလိုင်၂၇ရက်စွဲဖြင့်မွန်ပြည်နယ်လွှတ်တော်ကိုအကြောင်းကြားစာပေးပို့ထားကြောင်းမွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောပြသည်။

မွန်ပြည်နယ် လွှတ်တော်တွင်ပြည်နယ်အစိုးရနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့စဉ်ကထိုစီမံကိန်းကိုဆောင်ရွက်ရန် မသင့်ကြောင်းနှင့်တည်ဆောက်မည်ဆိုပါက ပြည်သူလူထုနှင့်လွှတ်တော်သို့တင် ပြရန်တိုက်တွန်းခဲ့ကြောင်း၎င်းကဆိုသည်။

“အရင် ပြည်နယ်အစိုးရရဲ့ဆန္ဒအတိုင်းရပ်ထားတာဖြစ်လို့ အစိုးရသစ်ကပြန်လုပ်မယ်ဆိုရင်လည်းလွှတ်တော်ကိုထပ်တင်ပြစရာမလိုဘူး၊ အစိုးရအဖွဲ့ကပြည်သူလူထုကိုပဲချပြမယ်လို့ လွှတ်တော်ကိုအစိုးရအဖွဲ့
ရုံးကအကြောင်းကြားလာတယ်” ဟုဒေါက်တာအောင်နိုင်ဦးကပြောသည်။

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊မွန်ပြည်နယ်လွှတ်တော်ရုံးအနီးဧရိယာ(၄.၃၆၃)ဧကရှိမြေပေါ်တွင် အထပ်(၈)ထပ်၊အခန်း ၁၅ဝခန်းပါဝင်သော အဆင့်မြင့်ဟိုတယ်တည်ဆောက်ရေးစီမံကိန်းကိုယခင်အစိုးရလက်ထက်က ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် Than Lwin Apex ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရကမွန်ပြည်နယ်အတွင်းဆောင်ရွက်မည့်စီမံကိန်းအချို့ကိုရပ်ဆိုင်းရန်ညွှန်ကြားချက်တွင် ဘိုကုန်းရပ် အဆင့်မြင့်ဟိုတယ်တည်ဆောက်ရေးစီမံကိန်းမပါဝင်ကြောင်းအစိုးရအဖွဲ့ထံမှသိရသည်။

အစိုးရဟောင်းလက်ထက်က မွန်ပြည်နယ်အစိုးရက ပြည်နယ်အဆင့်စီမံကိန်းများအနက်မှ မန္တလေးရပ်ကွက် သစ်ပုံဆိပ်အိမ်ရာစီမံကိန်း၊ မော်လမြိုင်ဟိုတယ်များအဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ဘိုကုန်းရပ် အထပ်မြင့်ဟိုတယ်စီမံကိန်းတို့ကိုရပ်ဆိုင်းခဲ့သည်။

Leave a Reply