မော်လမြိုင် အောက်တိုဘာ

သီတင်းကျွတ် နီးကပ်လာသဖြင့် မြေဆီမီးခွက်များ အရောင်းသွက်နေကြောင်း မော်လမြိုင်မြို့နယ် မုပွန်နယ်မြေ အိုးရုံရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း အများဆုံးလုပ်တယ်။ တစ်နှစ်ကို ဆီမီးခွက်နှစ်သောင်းလောက်ထိလုပ်တယ်” ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးရွှေသိန်းကပြောသည်။

ဆီမီးခွက်များကို ကျိုက္ခမီ၊ ဘားအံ၊ မြဝတီ၊ ကျိုက်မရောနှင့် မော်လမြိုင်မြို့ရှိ ကျိုက်သုတ်စေတီနှင့် တောင်ပေါ်ဘုရားများမှ အဓိက ဝယ်ယူလျက်ရှိပြီး တစ်ခွက်လျှင် ကျပ် ၃၀ ဖြင့် ရောင်းချပေးနေကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါရပ်ကွက်တွင် အိုးလုပ်သည့်မြေရရှိနိုင်ခြင်းနှင့် ကုန်စည်တင်ပို့ရန် ရေလမ်းကြောင်း အဆင်သင့်ရှိခြင်းကြောင့် အိုးရုံလုပ်ငန်းများ တည်ရှိနေခြင်းဖြစ်သည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းနောင်ကပြောသည်။

“အိုးဖုတ်သမား ပညာရှင်တွေ ရှားပါးလာတယ်။ အခုဆို ဒီကအိုးရုံတွေမှာလုပ်တဲ့ ပညာရှင်တစ်ယောက်ပဲ ကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။

အိုးရုံရပ်ကွက်တွင် ယခင်က အိုးလုပ်ငန်းပေါင်း ၂၀ ကျော်ရှိပြီး လက်ရှိတွင် ၁၁ ခုသာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောသည်။

စန္ဒာဉာဏ်

Leave a Reply