“ဆရာမရေ သွားချင်းထိရင်နာတယ် ..အစာမဝါးနိုင်ဘူး”

“ဆရာမရေ သွားဖုံးမှာ အဖုကြီးပေါက်နေတယ်.. သွားလည်းနာနေတာကြာပြီ”

“ဆရာမရေ သွားတွေလှုပ်လာတာ ..နှုတ်ပေးလို့ရမလား ”

စတဲ့ စကားရပ်တွေနဲ့ ဆေးခန်းကို ရောက်လာတဲ့ အသက်လေးဆယ်ကျော်လူနာတွေဆိုရင် ကျွန်မ အနေနဲ့ မေးခွန်းတစ်ခုကို မဖြစ်မနေ မေးရပါတော့တယ်။

အဲ့ဒါကတော့ ” ဆီးချိုရှိလား ” ဆိုတာပါပဲ ။ ကျွန်မ မေးလိုက်သမျှ လူနာတွေမှာ ဟင်အင်း မရှိဘူးလို့ ဖြေတဲ့လူနာဆိုတာ အင်မတန်ရှားပါတယ်။ ဟုတ်ကဲ့ ရှိပါတယ်ဆိုတဲ့ လူနဲ့ မစစ်ကြည်ရသေးပါဆိုတဲ့ လူနှစ်မျိုးပဲ ရှိပါတယ်။

ဆီးချို သမားတွေအနေနဲ့ ဆီးချိုရောဂါ ဖြစ်လာပြီဆိုရင်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သွေးလွယ်လွယ်နဲ့မတိတ်တာ၊ အနာကျက်ဖို့အချိန်ကြာတာ၊ မျက်လုံးတွေဝါးလာတာ၊ ကျောက်ကပ်၊ နှလုံး စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာပါ ချို့ယွင်းမှုတေဖြစ်လာတာ စတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို တော်တော်များများ သိထားကြပါတယ်။ ဒါကြောင်လည်း ခြေထောက်တွေ၊လက်တွေမှာ ထိခိုက်ဒဏ်ရာမရှိရအောင် ဂရုတစိုက်နေထိုင်ကြ၊ နောက်ဆက်တွဲဆိုးကျိုးတွေ မပြင်းထန်ရအောင် အစားအသောက်တွေ ထိန်းကြ၊ ဆရာဝန်ညွှန်ကြားတဲ့ ဆီးချိုဆေးတွေ မှန်မှန်သောက်ကြနဲ့ မိမိကိုယ်ကို ဂရုဓမ္မထားပြီးနေထိုင်တတ်ကြတာပါပဲ။ ဒါပေမယ့် လူနာတော်တော်များများ သတိမထားမိဘဲ ကျန်နေတာကတော့ သွားဖုံးရောဂါဆိုတာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက ပြင်းထန်ပြီး အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်တယ်ဆိုတဲ့အချက်ကိုပါပဲ။ ဒါကြောင်လည်း သွားတွေယိုင်နဲ့ပြီး မခံမရပ်နိုင်အောင် နာလာမှ ဆေးခန်းကိုပြေးကြရတဲ့ အဖြစ်တွေနဲ့ ကြုံလာကြရတော့တာပေါ့။

ဒီနေရာမှာ သွားဖုံးရောဂါဆိုတာကို အနည်းငယ်ရှင်းပြပါ့မယ်။ ကျွန်မတို့ ခံတွင်းထဲမှာ ကျန်နေတဲ့ စားကြွင်းစားကျန်တွေ၊ သွားချေးလွှာတွေဟာ ခံတွင်းထဲမှာ ရှိနေတဲ့ ပိုးမွှားလေးတွေနဲ့ ပေါင်းပြီး သွားကျောက်ဆိုတဲ့ ခပ်မာမာအရာလေးတွေကို ဖန်တီးကြပါတယ်။ အဲ့ဒီ သွားကျောက်တွေထဲက ထွက်လာတဲ့ အဆိပ်ဓာတ်တွေဟာ သွားဖုံးသားကို ဒုက္ခပေးပြီး ရောဂါဖြစ်စေပါတယ်။ အဲ့ဒီအခါ သွားဖုံးတွေ နီရဲရောင်ရမ်းလာပါတယ်။ သွားတိုက်တဲ့အခါ သွေးထွက်တာ၊ ခံတွင်းအနံ့ဆိုးလာတာတွေကို ကြုံလာရပါလိမ့်မယ်။ တစ်ခါတရံမှာ သွားဖုံးပတ်ပတ်လည်မှာ ပြည်တွေတည်လာပြီး နာကျင်ကိုက်ခဲမှုကို ခံစားရတတ်ပါတယ်။ အစာဝါးတဲ့အခါလည်း သွားချင်းထိလိုက်တာနဲ့ နာကျင်တယ်ဆိုတာမျိုး ဖြစ်လာပါတယ်။ အဆိုးဆုံးအခြေအနေတစ်ခုကတော့ သွားဖုံးသားတွေ လျော့ရဲလာပြီး သွားတွေ ကျွတ်ထွက်လာတာပါပဲ။ မကုသဘဲ ထားရင် ရှိသမျှ သွားတွေအကုန်လုံး နှုတ်စရာမလိုဘဲ အလိုလို ကျွတ်ထွက်သွားနိုင်ပါတယ်။ ဒီအခြေအနေတွေ အားလုံးကို သွားဖုံးရောဂါ လို့ ကျွန်မတို့က သတ်မှတ်ပါတယ်။

ဆီးချို သမားတွေဟာ ပုံမှန်လူတွေထက် သွေးတွင်းသကြားဓာတ်(အချိုဓာတ်) ပိုများပါတယ်။ တစ်သျှူးတွေရဲ့ ကြံ့ခိုင်မှုအားကလည်း ပုံမှန်လူတွေထက်လျော့နည်းပါတယ်။ အဲ့ဒီ အချက်နှစ်ချက်ဟာ ဆီးချိုသမားတွေကို ပုံမှန်လူတွေထက် သွားဖုံးရောဂါဖြစ်ပွားမှု ပိုမိုများစေဖို့ အဓိက အားပေးနေတဲ့ အချက်တွေပါပဲ။ ခံတွင်းထဲကထွက်လာတဲ့ သကြားဓာတ်များတဲ့ အရည်တွေဟာ သွားဖုံးကို အန္တရာယ်ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို အချိန်တော်တော်ကြာရှင်သန်နိုင်ဖို့ ထောက်ပံ့ပေးကြပါတယ်။ ဒါကြောင့်သွားဖုံးစယောင်ကတည်းက မကုဘဲထားရင် နောက်ဆုံး သွားဖုံးတွေ လျော့ရဲပြီး သွားတွေကျွတ်ထွက်သွားတဲ့အထိ ဖြစ်စေတာပါပဲ။

ဒီလိုတွေ မဖြစ်ဖို့ဆို ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ပုံမှန်လူတွေထက်ပိုပြီး သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ ခံတွင်းထဲမှာ စားကြွင်းစားကျန်တွေ မကျန်အောင်၊ သွားကျောက်တွေ ရှိမနေအောင် အမြဲတစေ သတိထားသန့်ရှင်းပေးနေသင့်ပါတယ်။

ဒါတွေက ခက်ခဲတဲ့ အလုပ်တွေမဟုတ်ပါဘူး။

၁။ စနစ်မှန်သွားတိုက်နည်းနဲ့ တစ်နေ့နှစ်ကြိမ်ပုံမှန် သွားတိုက်ပေးနေရင်
၂။ ခံတွင်းထဲမှာ ရှိတဲ့သွားကျောက်တွေကို သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ပြသပြီး ခံတွင်းသန်ရှင်းရေးပုံမှန်လုပ်ပေးနေရင်
၃။ အစာစားပြီးတိုင်း ပလုပ်ကျင်းပေးရင်.
၄။ ဆားရေနွေးနဲ့ တစ်နေ့တစ်ကြိမ်ငုံထွေးပေးရင်
၅။ ဆီးချို မတက်အောင် ထိန်းသိမ်းထားနိုင်ရင်

ခံတွင်း ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိတော့မှာ အသေအချာပါပဲ။

လူတော်တော်များများဟာ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုမထားကြတာ များပါတယ်။ဒါပေမယ့်လည်း နာမှ ၊ သွားတွေယိုင်နဲ့လာမှ ၊ ပြည်တွေတည်လာမှ သွားဆရာဝန်ဆီ သွားတာထက်စာရင် မိမိကိုယ်ကို.မဖြစ်ခင်ကတည်းက ကြိုတင်သတိထားစောင်ရှောက်တာက ပိုပြီး အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာ၊ နောက်ဝေဒနာခံစားရတာတွေလည်း သက်သာနိုင်မယ် မဟုတ်လား။

မိမိ အန္တရာယ် မိမိ သိရှိပြီး ဂရုဓမ္မထား ရှောင်ကျဉ် စောင်ရှောက်နိုင်ကြပါစေ။

မေတ္တာဖြင့်

ဒေါက်တာနွေဦးငယ်

Leave a Reply