Advertisements

Made in Ywarlut “ရွာလွတ်တွင်လုပ်သည်” ဟုတံဆိပ်ခတ်နှိပ်ထားသော သစ်သား ဆေးတံသည် ကမ္ဘာသိ လက်မှုပညာရပ် တစ်ခု ဖြစ်၏။ ယင်းကို ဦးမန်းငွေဝင်း၏ အဖိုးဖြစ်သူ ဦးညွန့်က ကိုလိုနီခေတ်တွင် စတင် တည်ထွင်ခဲ့ခြင်းဖြစ်သည်။

ဆေးတံ၏ လက်မှု ပညာရပ်ကြောင့်ပင် ကိုလိုနီခေတ် လက်ထက် အင်္ဂလိပ်မင်း ကိုယ်တိုင် ဂုဏ်ထူးဆောင် ဆုတံဆိပ်ကိုပါ ချီးမြှင့်ခံခဲ့ရဖူး၏။ ထို့ကြောင့်လည်း ဆေးတံအစ ဦးညွန့်က ၊ ဆေးတံ အစ ရွာလွတ်က ဟူသော စကားပုံများလည်း ရှိနေခဲ့ခြင်းပင်။

အဘိုး ဦးညွန့်၏ ဆေးတံ အမွေကို မြေးဖြစ်သူ အသက် ၇၀ အရွယ် ဦးမန်းငွေဝင်းက ယနေ့အချိန်အထိ ထိန်းသိမ်းထား၏။ ဦးမန်းငွေဝင်း တည်ထွင်သော ဘီလူးခေါင်း ၁၀ လုံးနှင့် ဆေးတံမှာလည်း လူကြိုက်များသည့် လက်ရာ တစ်ခုဖြစ်နေသည်။ ၎င်းမှာ ယခုနှစ် မွန်ပြည်နယ်နေ့ မတ် ၁၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့မှ ချီးမြှင့်ထားသော စက်မှုလက်မှု ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုကို ပူပူနွေးနွေး ရရှိထားသူလည်းဖြစ်၏။

ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရပြီးနောက် သူတို့၏ အသေးစား SME လုပ်ငန်း မည်မျှ ပြောင်းလဲ တိုးတက် အောင်မြင်ခဲ့သနည်း။ ထိုအခြေအနေကို ဦးမန်းငွေဝင်းက ယခုလို မှတ်ချက်ပြု၏။ “ဒီနေ့ဆုတံဆိပ်ပေး နောက်နေ့အခွန်ရုံးကလာတော့ အခွန်ဆောင်ရမယ်တဲ့ ဒီနေ့စိတ်ချမ်းသာပြီး နောက်နေ့စိတ်ဆင်းရဲရတယ်”ဟု ဆိုသည်။

သူသည် ဂုဏ်ထူးဆောင်ဆု ဆုတံဆိပ်နှင့်အတူ ငွေသား သုံးသိန်းကို ယနေ့၌ ချီးမြှင့်ခံခဲ့ရ၏။ ထို့ကြောင့် ပြည်တွင်းအခွန်ရုံးက SME လုပ်ငန်းရှင်များ ထမ်းဆောင်ရမည့် အခွန်အတွက် သူ့ဆီ ရောက်လာခြင်း ဖြစ်ပေသည်။ဦးမန်းငွေဝင်းသည် သူတို့၏ လက်မှု လုပ်ငန်းကို လုပ်ငန်း တိုးချဲ့ပြီး အခွန်ငွေပုံမှန်ထမ်းဆောင်ရန် မျှော်လင့်နေချိန်၌ဖြစ်ပါသည်။ ထိုအတွက် နိုင်ငံခြား၌ ရှိနေသော သား သုံးယောက်ကို ပြန်ခေါ်လိုသည်။ လက်ရှိ၌ လက်မှုလုပ်ငန်းကို ၎င်းနှင့်အတူ သား တစ်ယောက်အပြင် အလုပ်သမား တစ်ဦး စုစုပေါင်း သုံးယောက် လုပ်ကိုင်ရာမှ ပိုမိုချဲ့ထွင်လုပ်ကိုင်လိုခြင်းပင်။

သူတို့၏ လက်မှု လုပ်ငန်းများအတွက် အစိုးရအဖွဲ့ကလည်း အကူအညီ ပြုလုပ်ထားသည်မဟုတ်ပါလော။ သူတို့ လုပ်ငန်းအတွက် လိုအပ်သော ပိတောက်သစ် တန် ငါး တန်ကို ချထားပေးသည်။ သို့သော် ထိုသစ် ငါး တန်ကို ချင်းပြည်နယ်တွင် သွားယူရမည်ဖြစ်သဖြင့် အဆိုပါ သစ်များကို သယ်ဆောင်ပါက တန်ဖိုးထက် လက်ခကြီးမည့် အရေးကြောင့် ယင်းဒေသ၌ပင် ရောင်းချခဲ့ရသည့်အဖြစ်နှင့်တိုးခဲ့သည်။

ထို့နောက် ရသည့်ငွေဖြင့် မွန်ပြည်နယ်၌ရသော ပိတောက်သစ်ကို သူဝယ်ယူရသည်။ အစိုးရချပေးသော ဈေးနှုန်းမှာ သစ်တစ်တန် သုံးသိန်း ဖြစ်သော်လည်း သယ်ဆောင်ရန် ခက်ခဲမှုကြောင့် ၎င်းကိုရောင်းချပြီးပြန်ဝယ်ရသည့်အခါ တစ်တန် ၁၅ သိန်း ဈေးပေးလိုက်ရ၏။ ယင်းသို့သောအခြေအနေတို့ကြောင့် လုပ်ငန်း တိုးချဲ့ရန်အိပ်မက်မှာ အစိုးရထံမှ ချေးငွေအပေါ်မျှော်ရပြန်ပြီ။

သို့သော် မိရိုးဖလာလုပ်ငန်းအဖြစ်သာရပ်တည်နေသည့်အတွက် လိုင်စင်ကမရှိ၊ လိုင်စင်မရှိတော့ ချေးငွေက လျှောက်မရ၊ ပြည်နယ် အသေးစား၊ အလတ်စား ဖွံ့ဖြိုးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးကတော့“သူတို့က နည်းပညာနဲ့သစ်ရရှိချင်တယ်။ ချေးငွေက အချက်အလက်ပြည့်စုံရင် သွားလျှောက်လို့ရတယ်။ အသေးစားလက်မှုလုပ်ငန်းက မိရိုးဖလာလုပ်တဲ့အတွက် လိုင်စင်မရှိဘူး”ဟုရှင်းပြသည်။သို့သော် ချေးငွေ ရရှိရေးအတွက် ပြည်နယ် SME Agency ထောက်ခံချက် ရရှိရန် တင်ပြပေးထားသည်ဟု ၎င်းက ဆိုသည်။

ထိုဌာန၏ စာရင်းအရ ပြည်နယ်အတွင်း SME လုပ်ငန်းရှင် နှစ်သောင်းကျော် ရှိနေသော်လည်း ချေးငွေအတွက် လျှောက်ထားသူ ၁၃၆ ဦးသာ ရှိသည်ဟု ဆိုသည်။ချေးငွေအတွက် ထောက်ခံချက်ရသူ ၁၂၉ ဦးတွင်လည်း ငွေချေးသူမှာ ၁၃ ဦးသာ ရှိပြီး ကျပ်သန်း ၁၁၇ သန်း ထုတ်ချေးထား၏။ မွန်ပြည်နယ် အစိုးရအဖွဲ့ဘက်မှ SME အရေးကူညီဆောင်ရွက်ပေးမှုအခြေအနေကို သိရှိရန်ကြိုးစားသည့်အခါ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်ထံမှ ယခုလို မှတ်ချက်တစ်ခုတော့ရသည်။

“SME ချေးငွေက သူတို့အတွက်တော့သိပ်မခက်ဘူး ရနိုင်တဲ့အနေအထားမှာရှိတယ် တကယ်လုပ်ဖို့ပဲလိုတယ် နည်းနည်းတော့စိတ်ညစ်ခံရတယ် သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကများတယ်လေ လိုက်လုပ်ရတာ တစ်လကျော်ကျော်လောက်တော့ကြာမယ်”ဟု ဆိုခြင်းဖြစ်၏။ ယင်းအပြင် အစိုးရအနေဖြင့် SME ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ချေးငွေ ရရှိရေးကို မြန်မြန်ဆန်ဆန် မလုပ်ပေးနိုင်ကြောင်းနှင့် ဈေးကွက်ဖန်တီးမှုအပိုင်းတွင် အားနည်းနေသေးသည်ဟု ၎င်းက ဝန်ခံသည်။ မည်သို့ပင်ဖြစ်စေ ဦးမန်းငွေဝင်းသည် သူတတ်မြောက်ထားသော ကမ္ဘာသိ လက်မှု ပညာရပ်နှင့် လက်ဆင့် ကမ်းရင်း လျှောက်လှမ်းရန် စိတ်ကူးမှာ အခိုင်အမာရှိနေဆဲပင်။

“ဒီပညာကို လိုချင်တဲ့ သူရှိရင် သင်ပေးချင်တယ်၊ ဒီပညာက ကျွန်တော် သေသွားရင် ပါသွားမယ်”ဟု ဦးမန်းငွေဝင်းက ပြောသည်။ ၎င်း၏စိတ်ကူးများနှင့်အတူ ဆေးတံ လုပ်ငန်း ဖွံ့ဖြိုးရေးတိမ်ကော မပျောက်ကွယ်လို၍ နည်းလမ်းမျိုးစုံရှာကြံနေသည့် ဦးမန်းငွေဝင်း၏ လက်ရှိမျှော်လင့်ချက်က ယခုလိုပင်။ “ချေးငွေ တွေ လွယ်လွယ်ကူကူ ရချင်တယ်”ဟူ၍။

ဟိန်းထက်၊ ဂေထော

Advertisements
<

Leave a Reply